RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင် နှစ် ၇၀ ပြည့် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကျင်းပ
ဖဖော်ဝါရီလ ၇ ရက်တွင်ကျရောက်သော နှစ် ၇၀ ပြည့် သျှမ်းပြည်အမျိုးသားနေ့ကို ဂုဏ်ပြုသည့် အခမ်းအနားတရပ်ကို သျှမ်းပြည်တွင်းဒေသအသီးသီးတွင်ကျင်းပသကဲ့သို့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဌာနချုပ်လွယ်တိုင်းလျန်းတွင် ယခင်နှစ်များထက် ကြီးကျယ်ခန်းနားစွာကျင်းပလျှက်ရှိကြောင်းသိရသည် ။
နှစ် ၇၀ ပြည့် သျှမ်းပြည်အမျိုးသားနေ့အောင့်မေ့ဂုဏ်ပြုပွဲသို့ ပြည်တွင်းမှ ပြည်ပဒေသအသီးသီးမှ သျှမ်းမိသားစုများအပြင် မြန်မာနိုင်ငံဆိုင်ရာသံရုံး ၄၀ ကျော်နှင့် သတင်းဌာ ၂၀ ကျော်အား ဖိတ်ကြား ထားသည်ဟု RCSS/SSA ၏ ပြန်ကြားရေးဌာနမှ အရာရှိ စဝ်ယွက်မိန်းက သျှမ်းသံတော် ဆင့် အားပြောပြသည် ။
မြန်မာနိုင်ငံထဲမှာရုံးစိုက်တဲ့သံရုံးတွေအပြင် ပြည်ပမှာရုံးစိုက်တဲ့ သံရုံးတွေကိုဖိတ်တယ်။ စုစုပေါင်း ၄၀ လောက်ရှိမယ်။ အဲ့ထဲမှာမှ ပွဲလာတက်တဲ့ ကိုယ်စားလှယ်တွေကတော့ အမေရိကန်၊နော်ဝေး၊ ဆွိဇလန်၊ နယူးဇီလန်နဲ့ အီးယူ ပေါ့။ ရန်ကုန်မှာရုံးစိုက်တဲ့သံရုံးထဲက ကိုယ်စားလှယ်တချို့လည်း NCA လက်မှတ်ရေးထိုးတဲ့ RCSS/SSA ကို အားပေးတယ်။ ငြိမ်းချမ်းရေးအဓွန့်ရှည်တည်တံ့အောင် အားပေးတယ်ဆိုပြီးလာတက်ကြတယ်။ တချို့တဝက်ကလည်း အစိုးရထိန်းချုပ်တဲ့နေရာမှာပွဲ ကျင်းပတာမဟုတ်လို့ လာမတက်ရဲဘူး လို့ပြောလာတာလည်းရှိတယ်- ဟု ပြောဆိုသည် ။
သတင်းများရယူရန်ရောက်ရှိလာသည့် သတင်းအဖွဲ့များမှာ သျှမ်းသတင်းအဖွဲ့များ၊ မြန်မာသတင်းအဖွဲ့များ၊ ထိုင်း၊တရုတ်၊ ပြင်သစ်မှာသတင်းအဖွဲ့များဖြစ်ကြကြောင်း၊ ပွဲတက်ပရိသတ်များမှာ လားရှိုး ၊ ရွှေလီ၊ ကျောက်မဲ၊ လဲချား၊ မိုင်းကိုင် ၊ မိုးနဲ၊လင်းခေး၊ မိုင်းပန်၊မိုင်းတုံမှဒေသခံများအပြင် ကချင်ပြည်နယ်၊ စစ်ကိုင်တိုင်းဘက်မှ တိုင်းလိုင်၊ တိုင်းခမ်းတီ သျှမ်းလူထုလည်းတက်ရောက်ကြောင်း စုစုပေါင်း အင်အားသောင်းဂဏန်းရှိကြောင်း သိရသည် ။
ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင် ချင်းရိုင်း မယ့်ဟောင့်ဆောင် ဘန်ကောက် ချွန်းပူးရီး၊ ပထွန်းထားနီး၊ ရယောင်းဘက်ရောက်ရှိအလုပ်လုပ်နေသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား သျှမ်းပြည်သားများလည်း လွယ်တိုင်းလျန်းတွင်ကျင်းပသောပွဲသို့တက်ရောက်လာကြကြောင်း ပွဲသို့ရောက်ရှိနေသည့်သျှမ်းသံတော်ဆင့်သတင်းထောက်က သတင်းပေးပို့သည် ။
နှစ် ၇၀ ပြည့် သျှမ်းပြည်အမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနားအား သျှမ်းပြည်အတွင်း တောင်ကြီးမြို့၊ ပင်လုံမြို့၊ သီပေါ၊ မူစယ်၊ ပင်လောင်း၊ မိုင်းဖြတ် နှင့်အခြားမြို့များတို့တွင်လည်းကျင်းပခဲ့ကြသည် ။
Tags: Culture, News