ဒီမိုကရေစီအစိုးရခေတ် - သျှမ်းပြည်အရှေ့ပိုင်းမိုင်းယောင်းဒေသခံ ၂ ဦးအား နယ်ခြားစောင့်တပ်မှ ဖမ်းဆီးခေါ်ဆောင်ကာလမ်းပြစေမှုမရှိသင့်တော့ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဌိုင်ပြော



သျှမ်းပြည်အရှေ့ပိုင်းမိုင်းယောင်းမြို့နေဒေသခံ ၂ ဦးအား သျှမ်းပြည်တပ်မတော် RCSS/SSA ၏ အမာခံလူ ဟုဆိုကာ နယ်ခြားစောင့်တပ်မှဖမ်းဆီးကာ စစ်ကြောင်းရှေ့ပြေးအဖြစ် လမ်းပြခိုင်းသည့် ကိစ္စ ယနေ့ ဒီမို ကရေစီ အစိုးရခေတ်တွင်မရှိသင့်တော့ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောဆိုလိုက်သည်။


မတ်လ ၂၇ ရက်နေ့ရက်စွဲဖြင့်သျှမ်းလူ့အခွင့်အရေးမဏ္ဌိုင် SHRF မှ၎င်းနှင့်ပတ်သက်သည့် အစီရင်ခံစာ အမှတ် ၀၃/၂၀၁၇ ထုတ်ပြန်ရာတွင်ပြီးခဲ့သည့် ၁၂ ရက်နေ့က အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်က မိုင်းယောင်းမြို့နယ်ဝမ်တပ်အုပ်စုဝမ့်ထင်ရွာသားနှင့်ဝမ့်ဟိုယန်းရွာသား ၂ ဦးတို့အား RCSS/SSA ၏အမာခံလူဟုဆိုကာဖမ်းဆီးချုပ်နှောင်၎င်းတို့စစ်ကြောင်းလှည့်လယ်ရာတွင်ပွိုင့်ဦးထိုးစေကြောင်း၊ RCSS/SSA သည်တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်တွင်လက်မှတ်ရေးထိုးထား သည့်အား လျော်စွာယနေ့ဒီမိုကရေစီအစိုးရခေတ်တွင် ထိုကိစ္စရပ်မျိုးမရှိသင့်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။


"မတ်လ ၁၂ ရက်ကဝမ့်ထင်ရွာသား(ဦး) လုံးနန်အွန်အသက်၅၄နှစ်ရဲ့အိမ်ကိုသွားပြီးရှာဖွေတယ်။ လုံးနန်အွန်ကိုမဖမ်းမိလို့သူ့အိမ်ကိုမွှေနှောက်ရှာဖွေအဖိုးတန်ပစည်းတွေယူသွားတယ်။မတ်လ၁၃ရက်နေ့မှလုံးနန်အွန်ကိုဝမ့်ပန်မှာသွားတွေ့လို့နယ်ခြားစောင့်တပ်ကဖမ်းသွားပြီးခမရ၃၃၅မှာသွားချုပ်ထားတယ်။သျှမ်းတပ်နဲ့ဆက်သွယ်တယ်။သျှမ်းတပ်ကို ဆက်ကြေးကူကောက်ပေးတယ်ဆိုပြီး ခြိမ်းခြောက် စစ်ဆေးတယ်။ သူတို့ရှေ့တန်းထွက်တော့လုံးနန်အွန်ကိုပါလမ်းပြခိုင်းတယ်။ ၃ရက်တာ။ မတ်လ၁၆ရက်မှာတော့ဝမ့်ဟိုယန်းရွာသားစိုင်းနွဲ့ဆန်ဆိုင်အသက်၄၈နှစ်ကိုထပ်သွားဖမ်းတယ်။

သျှမ်းတပ်နဲ့ဆက်သွယ်သတင်းပေးသူလို့စွပ်စွဲပြီးခမရ၃၃၅မှာထပ်သွားထားတယ်။ရွာသားတွေအကြီးအကဲတွေသွားပြီးထောက်ခံချက်ပေးမှမတ်လ၁၇ရက်မှာမှသက်သေအထောက်အထားတွေမတွေ့လို့ပြန်လွှတ်ပေးတယ်။ဒါမျိုးတွေလုံးဝမဖြစ်သင့်တော့ဘူးဒီမိုကရေစီအစိုးရခေတ်မှာ။ဒါ့ကြောင့်သက်ဆိုင်ရာအာဏာပိုင်တွေကိုကူညီဖြေရှင်းပေးစေချင်တယ်" - ဟု SHRF မှပြောရေးဆိုခွင့်ရှိသူစိုင်းဟော်ရှဲန် ကပြောသည်။


လုံးစိုင်းနန်အွန်အိမ်ပြန်ရောက်ချိန်တွင်မိမိ၏နေအိမ်ရှိငွေနှင့်အဖိုးတန်ပစ္စည်းများကာလတန်ဖိုးကျပ်သိန်း၂၀ခန့်ပျောက်ဆုံးနေသည်ကိုလည်းတွေ့ရသဖြင့်ဒေသခံများအကြားအသက်အိုးအိမ်စည်းစိမ်လုံခြုံရေးမှာအထူးစိုးရိမ်နေရသည့်အနေအထားတွင်ရှိနေကြောင်းSHRF ကပြောဆိုလိုက်ပါသည်။


ပြီးခဲ့သည့်၂၀၁၅ခုနှစ်ကလည်းဝမ့်ထင်ရွာသားလုံးစိုင်းနန်အွန်၏သားစိုင်းဆာမ်တစ်အားပြင်ပအဖွဲ့အစည်းနှင့်ဆက်သွယ်သည်ဟုဆိုကာဖခင်ဖြစ်သူရှေ့တွင်ပင်ပစ်သတ်မှုဖြစ်ခဲ့သည်ဟုလည်းမိုင်းယောင်းဒေသခံများပြောပြချက်အရသိရသည်။


တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသည့် RCSS/SSA သည်ဥပဒေပြင်ပ အဖွဲ့အစည်းမဟုတ်တော့ကြောင်းလည်းဦးသိန်းစိန်အစိုးရလက်ထက်ကကြေငြာထားသည်။


မိုင်းယောင်းမြို့နယ်အတွင်းအစိုးရတပ်မတော်နှင့်ရဲတပ်ဖွဲ့တို့အပြင်သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်၂၀၀၈ခုနှစ်ကနယ်ခြားစောင့်တပ်အမှတ်၁၀၀၈အဖြစ်အသွင်ပြောင်းထားသော လားဟူပြည်သူ့စစ်တပ်တို့လှုပ်ရှားနေထိုင်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates