မိုင်းရှူးမြို့နယ် ကျေးလက်မဲဆန္ဒရှင် ၄၀၀၀ အတွက် မဲရုံ ထောင်မည့်နေရာ ရွေးကောက်ပွဲကော်မရှင်မထုတ်ပြန်သေး
ရွးကောက်ပွဲကျင်းပရေး ပယ်ဖျက်ပေးရန် NLD ပါတီ ကန့်ကွက်သော်လည်း မဲရုံများနေရာရွှေ့ခြင်းဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့် ရရှိခဲ့သည့် မိုင်းရှူးမြို့နယ်မှ ကျေးရွာအုပ်စုသုံးခုတွင် မည်သည့်နေရာသို့ မဲရုံရွှေ့ဆိုင်းမည်ကို ယနေ့တိုင်မသိသေးသဖြင့် မိုင်းရှူးတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများက မရေရာမှုများဖြစ်နေရကြောင်း တာဝန်ရှိသူများကပြောသည်။
မဲရုံပြောင်းရွှေ့မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုလိုက်သော်လည်း မတ်လ ၂၉ ရက်ညတိုင် မိုင်မည်မျှကွာဝေးမည် (သို့မဟုတ် ) ဝေးကွာပါက ဒေသခံများအနေဖြင့် မည်သို့ သွားရောက်မဲပေးမည် စသည့် အချက်များနှင့် ပတ်သက်၍ မရေရာမှု များစွာ ရှိနေဆဲဖြစ်သည်ဟု သျှမ်းပါတီများမှ တာဝန်ရှိသူများက ပြောသည်။
လွတ်လပ်၍ တရားမျှတမှုမရှိနိုင်ဟူသော အကြောင်းပြချက်ဖြင့် NLD ကိုယ်စားလှယ်လောင်းများမှ ကန့်ကွက်ခဲ့သည့် ကျေးရွာအုပ်စု ၃ စုမှ မဲရုံများကို အနည်းဆုံး ၄ မိုင်မှ ၁၀ မိုင်ကျော်အကွာအဝေးအထိ ရွှေ့ပြောင်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မတ်လ ၂၉ ရက်နေ့ ညနေပိုင်းအထိ တိကျသည့် အဖြေမသိရသေးဟု ကျားခေါင်းပါတီမှ အောင်နိုင်ရေးအဖွဲ့ဝင် စိုင်းမျိုးဇင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
"ညနေကပဲ ကော်မရှင်ကို ဖုန်းဆက်တာ တိတိကျကျ မသိရသေးဘူးဖြစ်နေတယ်။ တအားဝေးတဲ့နေရာတွေပြောင်းမလားပေါ့လေ။ ရွာသားတွေအတွက်ဝေးလွန်းရင် မဲသွားပေးဖို့ ဘယ်လို စီစဉ်ပေးမလဲဆိုတာကအစ။ ပထမပိုင်းတုန်းက သူတို့က မော်တော်ယာဉ်အပါအဝင်ဘာမှ မစီစဉ်ဘူးလို့လည်း ပြောထားသေးတယ်။ " ဟု စိုင်းမျိုးဇင်က သျှမ်းသံတော်ဆင့်သို့ မတ်လ ၂၉ ရက်နေ့ ည ရ နာရီ ၄၅ မိနစ်အချိန်က ပြောသည်။
မြို့နယ်မြောက်ဘက်ပိုင်းမှ ကွန်ကျောင်း ၊ နောင်အက် ၊ မော်မေ့အစရှိသည့် ကျေးရွာအုပ်စု ၃ စုမှ မဲရုံများကို ရွှေ့ပြောင်းရမည်ဖြစ်ပြီး ၄င်းရွာများမှာ မြို့နယ် ၁၅ မိုင် အကွာအဝေးတွင် တည်ရှိသည့် ကျေးရွာများလည်း ဖြစ်သည်။
"တချို့ကမြို့ပေါ်လိုလို တစ်ချို့ကလည်း ၈ မိုင် ၉ မိုင်ဝေးတဲ့ နေရာပြောင်းမလိုလိုသတင်းတော့ ထွက်တယ်။ တိတိကျကျ မသိရသလိုနောက်ပြီးတော့ တအားဝေးရင် ဒေသခံတွေ မဲသွားထည့်ဖို့ ခက်ခဲလာနိုင်မှုအပေါ် မြို့ခံတွေကလည်း စိုးရိမ်ပူပန်နေကြတယ်။" ဟု မိုင်းရှူး ဒေသခံ ကာတွန်းဆရာဖြစ်သူ စိုင်းခေးလောဝ်ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ကျားဖြူပါတီ ကိုယ်စားလှယ်လောင်းဖြစ်သူ နန်းခမ်းယဉ်အောင်အား ဆက်သွယ်မေးကြည့်ရာ အဆိုပါ မဲရုံများ အခြေနေနှင့်ပတ်သက်၍ ယနေ့ညနေပိုင်းအထိ တိတိကျကျသိရှိရခြင်းမရှိသေးကြောင်းသာ ဖြေကြားထားသည်။
ဒေသခံများအတွက် မဲရုံအားအလွန်ဝေးလံသည့် နေရာတွင် တည်ဆောက် ပြီး သွားလာရန် မော်တော်ယဉ်များစီစဉ်ပေးခြင်းမရှိ ဟု ကော်မရှင်မှ ဖြေဆိုထားသည့်အတွက် မဲဆန္ဒရှင် ၄၀၀၀ ကျော် အား အများနည်းတူ မဲပေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ သယ်ယူပို့ဆောင်ပေး ရေးလုပ်ငန်း ဆောင်ရွက်ပေးရန် ရွေးကောက်ပွဲကော်မရှင်အား ကျားခေါင်းပါတီ SNLD မှ တောင်းဆိုထားသည်။
မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲဆွယ်ရန်လာသည့် ပါတီများအား ထွက်တွေ့ခြင်း မတွေ့ခြင်းမှာ ၄င်းတို့ဆန္ဒပင်ဖြစ်သောကြောင့် မမျှတ မတရားဟု ပြောခွင့်မရှိကြောင်းလည်း တောင်းဆိုစာတွင် ဖော်ပြထားပြီး ၄င်းအချက်မှာစည်းရုံးရေး စွမ်းရည်တွင်သာမူတည်သည်ဟု ဖော်ပြထားသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းပြည်နယ်အတွင်း မဲဆွယ်စည်းရုံးမှုများတွင် ကျားခေါင်းပါတီ SNLD ၏ စည်းရုံးမဲဆွယ်မှုများတွင်သာ ဒေသခံအများအပြားလာရောက်စုရုံး နားထောင် လေ့ရှိနေ သည်ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်နေသူများက ဆိုကြသည်။ ကျေးရွာအုပ်စု ၃ စုတွင် ရွေးကောက်ပွဲ ကျင်းပမှု ပယ်ဖျက်ရန် မတ်လဆန်းပိုင်းက NLD ပါတီမှ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဒေသခံများအကြားတွင် ယနေ့တိုင် မကျေနပ်မှုများ ရှိနေပါသည်။
Tags: General, News


