စည်းလုံးမှုအင်အားတွေ မပျောက်ပျက်ကြောင်းပြသခဲ့တဲ့ ကျေးသီးကရွေးကောက်ပွဲအကြိုမြင်ကွင်း



မိုင်းနောင်ရောက်သည်နှင့် ကျားခေါင်းပါတီလိုဂိုပါဝင်သည့် စတစ်ကာများကိုလမ်းဘေးဝဲယာ ရှိအိမ်များ တွင် ကပ်ထားသည်ကို တွေ့ရသည်။ မော်တော်ဆိုင်ကယ် ၊မော်တော်ယာဉ်အများစု တွင် ပင် ဟိန်းနေသည့် ရွှေဝါရောင် ကျားခေါင်းကနေရာယူလျက်။ ထို့အတူ အန်အယ်လ်ဒီ ၊ ပြည်ခိုင်ဖြိုးကဲ့သို့ ပြည်မပါတီများမှကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်အချို့ကလည်း ရွေးကောက်ပွဲသရုပ် သကန်လျော်ညီစွာ အားကျမခံပင်။


မိုင်းနောင်ရောက်စ ညတွင် ကျားခေါင်းပါတီSNLD ၏ ရုံးတွင် ကျင်းပသည့် စည်းရုံးဟောပြောမှုကို မြင်တွေ့ခဲ့သည်။ ညအချိန် လူသူအသွားအလာကျဲပါးသည့် မြို့ဖြစ်သော်လည်း လူဦးရေ ၃၀၀ ခန့် တက်ရောက်နားထောင်မှုမှာ မဆိုးလှဟု ဆိုနိုင်သည်။ အဓိကအားဖြင့် မဲဆန္ဒရှင် ပညာပေးလုပ်ငန်း အတွက် ရည်ရွယ်ခဲ့သည်ကို တွေ့ရသည်။ မိမိမဲထည့်မည့် လွှတ်တော်ကိုယ်စားလှယ် အနိုင်ရရှိပါက  မိမိ၏ လယ်မြေအသိမ်းခံရမှုကို ပြန်လည်ရရှိရန် ဆောင်ရွက်ပေးစေလိုကြောင်း -အမျိုးသမီး တစ်ဦးကလည်း သျှမ်းဘာသာဖြင့် ပြောဆိုသည်။


ညအိပ်ယာဝင်ချိန်တွင် မနက်စောစောသွားရမည့် ခရီးအတွက် အနည်းငယ်ရင်ခုန်ခဲ့မိသည်။ သျှမ်းပြည်သားတစ်ဦးဖြစ်သော်လည်း လဲချားဒေသကိုကျော်လွန်၍ သျှမ်းပြည်အလယ်ပိုင်းဒေသသို့ မရောက်ဖူးခဲ့။ဆွေမျိုးများရှိသော်လည်း ယခင်ခေတ်ကာလများက လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု နယ်မြေအခြေအနေစသည့် ကိစ္စရပ်များအပါဝင် စာရေးသူအဖို့ အဆက်အစပ်မရှိသကဲ့သို့ပင် ဖြစ်နေသည့် နယ်မြေများဖြစ်ပေသည်။ တကယ်တော့ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မိုင်းရှူး ၊ကျေးသီးနယ်များမှာစာရေးသူဇာတိ လွိုင်လင်ခရိုင်အတွင်းမှ နယ်မြေများသာဖြစ်ပေသည်။


အတိတ်ကာလကပြည်တွင်းစစ်ဒဏ် ၊စစ်တပ်၏ ဖြတ်လေးဖြတ်ဒဏ်တို့အပြင် သယံဇာတ အလွန်အကျွံတူးဖော်ခဲ့ပြီးနောက် ဖွံ့ဖြိုးမှု ဖြစ်မလာခဲ့သည့်မိုင်းရှူးဒေသ စသဖြင့် အမာရွတ်များက လတ်လတ်ဆတ်ဆတ်ပင်ရှိနေဆဲ။


မနက်အိပ်ယာနိုးပြီး သကာလ မျက်နှာသစ် ပစ္စည်းများသိမ်း၍ မနက်စာစားပြီးနောက် ၃၂ မိုင်ခန့်ဝေးသည့် ကျေးသီးသို့  ထွက်ခဲ့သည်။


နွေဦးကာလ ထုံးစံအတိုင်းမြူအချို့ နှင့် ဆောင်းရနံ့ မပျယ်သည့် မြင်ကွင်းများကို ကြည့်ငေး ရင်းမရောက်သေးသည့်ကျေးသီးကို စိတ်ကူးယာဉ်ပုံဖော်ကြည့်မိသည်။ ဒေသအလိုက်အကြီးအကဲ လေးဦးစုပေါင်းပြီး မြို့စားအဆင့် ဖြစ်လာခဲ့သည့်အတွက်သျှမ်းဘာသာဖြင့် ကေစီ ဟု အမည်ခေါ် တွင်ခဲ့သည့် ကျေးသီးမှာ လွတ်လပ်ရေးရပြီးခေတ်ကာလတစ်လျှောက် ယနေ့တိုင် ဖွံ့ဖြိုးမှု အရိပ်အာဝါသနှင့် ဝေးကွာခဲ့ရာဒေသအဖြစ်သာ ရှိနေသည်။


ကားလမ်းကောင်းမွန်လာမှုနှင့် တယ်လီဖုန်းဆက်သွယ်မှုရရှိသည်ဆိုရုံအဆင့်တို့ ရောက်ရှိလာခြင်းတို့ကသာနောက်ပိုင်းနှစ်များအတွင်း ပြောပလောက်စရာ တိုးတက်မှုအဖြစ်ရှိနေသည်ဟုဆိုကြသည်။ စစ်ဘေးရှောင်များ ၊ တိုက်ပွဲများကလည်း နယ်မြေဒေသအတွင်းမကြာခဏကြုံနေကြ ဖြစ်စဉ်တွေပင်။


မိုင်းနောင် ၊ ကျေးသီးလမ်းတွင်တော့အသွားအလာသိပ်ပြတ်သည်ကို မတွေ့ရ။ တောတန်း တောင် တန်းနှင့် လယ်ကွင်းများ ၊မိုင်းနန်း ၊  မိုင်းကောဝ် စသည့် ကျေးရွာများကို ကျော်ဖြတ်ခဲ့ပြီးနောက် တနာရီ စွန်းစွန်းအကြာတွင် ကျေးသီးမြို့သို့ ရောက်ခဲ့သည်။


ပန်ကေတု နှင့်မိုင်းရယ် လမ်းဆုံဖြစ်သည့် မြို့လယ် ခေါင်တွင်တော့ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနှင့်အတူ အနာဂတ်ဘဝ သာယာ လှပဖို့ အန်အယ်လ်ဒီကိုမဲပေးစို့ ဆိုသည့် ဒီချုပ်ပါတီ၏မဲဆွယ်ဆိုင်းဘုတ်ကိုတွေ့ရ တော့ တိုင်းရင်းသားဒေသများတွင် ဗိုလ်ချုပ်ရုပ်တု၊ ဗိုလ်ချုပ်တံတား ကန့်ကွက်ခံရမှု အစိုးရသစ်လက်ထက် တိုင်းရင်းသားများနှင့်အန်အယ်လ်ဒီအကြား ဆက်ဆံရေးအေးခဲလာမှုတို့အပေါ် ပြေးမြင်လိုက်သေးသည်။


ကျေးသီးရောက်သည်နှင့် ဖုန်းဘေလ်ကြည့်လိုက်တော့ အားရစရာ မရှိသည်နှင့် ဖုန်းငွေဖြည့်ကတ် တစ်ကတ်ကို လမ်းဘေးရှိစတိုးဆိုင်တစ်ဆိုင်အနီးတွင်ကားရပ်၍ ၀ယ်ခဲ့သည်။


ငွေဖြည့်ကတ်ယူပြီးနောက် မည်သည့်အတွက်ကြောင့် လမ်းပေါ်တွင် လူများကျဲပါးနေရသနည်းဟု ဆိုင်ရှင်အမျိုးသမီးဖြစ်သူအား သတင်းထောက်ပီပီ စပ်စုကြည့်ရာ ' ဒီကနေ့ကရုံးဖွင့်ရက်လည်းဖြစ် တယ်။ နောက် စတိတ်ရှိုးလည်း ရှိတော့ လူတွေကစတိတ်ရှိုးဘက်သွားနေတာနဲ့ လမ်းပေါ်မှာ အသွားအလာမတွေ့ရတာ ' ဟုဆိုင်ပိုင်ရှင်အမျိုးသမီးက ပြောသည်။


စာရေးသူကျေးသီးလာသည့် အဓိကအကြောင်းအရင်းတွင်လည်း အဆိုပါ စတိတ်ရှိုးကိစ္စပါသည်။ ၉၀ ရွေးကောက်ပွဲနှင့်၂၀၁၀ ရွေးကောက်ပွဲတို့တွင် ရှမ်းပါတီများအနိုင်ရခဲ့သည့် ကျေးသီးတွင် ရှမ်းပါတီများအခြေနေ မည်သို့ ရှိနိုင်မည်ကို ဆ ဝါးလိုသည့်ကိစ္စမှာ ကျေးသီး ခရီးစဉ်အတွက် အဓိကကျသည့်အချက်ဖြစ်သည်။


မြေညီလမ်းအတိုင်းမြို့  မြောက်ဘက် နောင်ကွန်းစေတီဘက်သို့ ထွက်ခွာလာခဲ့ရာစေတီနားမရောက်ခင် တဖာလုံခန့်အကွာ ရှမ်းဝတ်စုံများနှင့် ဒေသခံပြည်သူများကကျားခေါင်းသဏ္ဍာန်ရုပ်ပုံပါ အလုံကို ကိုင်ဆောင်၍စတိတ်ရှိုးကျင်းပမည့်နေရသို့ရှေ့ရှုနေကြသည်။


စတိတ်ရှိုးစင် ရှေ့ရောက်တော့ မနက် ၉ နာရီပင် ရှိပေရော့မည်။ ပရိတ်သတ်များတဖွဲဖွဲရောက်လာအပြီး သျှမ်းအဆိုတော်များ ရောက်နေပြီဖြစ် သော်လည်း စတိတ်ရှိုးနှင့် မဲဆွယ်စည်းရုံးအခမ်းအနားကို တော်တော်နှင့် မစနိုင်ခဲ့။ ပတ်ဝန်းကျင် ကိုကြည့် လိုက်တော့ ပွဲဈေးပမာ ဈေးသည်များလည်း ရှိနေသည်။ စတိတ်ရှိုးစင်ရှေ့ ညောင်ပင်အောက် သို့လည်း ပရိသတ်များမှာတဖွဲဖွဲရောက်လာကြပြီ။ တိုးထွက်လာသည့်နေကိုကွယ်နေသောတိမ်တို့ကင်းစင်သွားသည့် မနက် ၉ နာရီ ၅၀ ခန့်တွင် တီးဝိုင်းကစတင်တီးခတ်မှုဖြင့် ကွင်းထဲရှိ ပရိသတ်များကို စင်ရှေ့စုရုံးလာစေရန်လှုပ်နှိုးလိုက်သည်။


သျှမ်းတီးဝိုင်းဖြစ်သည့်အတွက် သျှမ်းစာမတတ်သူစာရေးသူအနေဖြင့် အနည်းငယ်စိမ်းနေသော်လည်း တီးခတ်မှုနှင့်အသုံးပြုသည့်စက်ပစ္စည်းများမှာ အဆင့်အတန်းမနိမ့်လှသည်ကို သတိပြုမိသည်။


အထူးသဖြင့် လိဒ်ဂစ်တာ တီးခတ်သူ စိုင်းသာဦး၏ တီးခတ်မှုမှာ ဆွဲဆောင်မှုရှိလှသည်ကို သတိပြု မိသည်။ စတိတ်ရှိုးအစ အဖွင့်အဖြစ် စစချင်း “ ယြှှ်ုဢဵ္မ်္လြင်း္ဂြဿ - ဒို့အင်အားတွေမပျောက်စေနဲ့”  ဆိုသည့် ရှမ်းဘာသာဖြင့် ရေးသား သီဆိုထားသည့် သီချင်းဖြင့်ပင် တေးသံရှင်များက စုပေါင်းသီဆို၍ အစီစဉ်ကို စတင်ဖွင့်လှစ်လိုက်သည်။


အစပထမပိုင်းမို့လို့လားမသိ ပရိသတ်က အနည်းငယ် တုံ့ဆိုင်းနေခဲ့သော်လည်း ဒုတိယ အလှည့်ကျ သူဖြစ်သည့် စိုင်းဖွန်းမောဝ်အလှည့်တွင်တော့ ပရိသတ်ထဲက လိုက်ဆိုသံတွေ ကြားလာရပီ။ သူက တက်သစ်စ ရှမ်းအဆိုတော် တစ်ယောက်ပင်။ ဒုတိယ ၊ တတိယ အလှည့်ကျသည့် အဆိုတော်များ သီဆိုနေချိန်အထိ နောင်ကွန်း စေတီအနီးကွင်းပြင်သို့ ပရိသတ်များ တဖွဲဖွဲလာနေဆဲပင်။


သတင်းထောက်ဖြစ်သည့် စာရေးသူလည်း ဟိုဒီစပ်စုသည့်အနေဖြင့် ပရိသတ်များအကြားတိုးဝင်ကာ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဒေသခံများ၏ အမြင်တစ်ချို့ကို စပ်စုကြည့်မိသည်။


ပထမဆုံး မေးမြန်းဖြစ်ခဲ့သူက နန်းမိုဟွမ်ဆိုသည့် အမျိုးသမီးတစ်ဦးပင်။ ၄င်းကိုယ်တိုင်လည်း ရွေး ကောက်ပွဲအား စိတ်ဝင်စားပြီး မဲစာရင်းတွင် နာမည်ပါသည်ဟု ဆိုသည်။ ၂၀၁၀ တုန်းက ကြံ့ခိုင်ရေး ပါတီအား မဲထည့်ခဲ့ဖူးသော်လည်း ကြံ့ခိုင်ရေးအစိုးရလက်ထက် နှင့် လက်ရှိ အန်အယ်လ်ဒီ အစိုးရ လက် ထက်တွင် ဒေသတွင်းဆက်သွယ်သည့် လမ်းများသွားလာနိုင်မှုကလွှဲ၍ တိုးတက်မှု မရှိဟု ခံယူကြောင်း လည်း ပြောပြီး လာမည့်ရွေးကောက်ပွဲအတွက်မူ မည်သည့်ပါတီကို မဲပေးရန် သေချာစဉ်းစားနေသည်ဟု အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်သည့် သူမက ဆိုသည်။


နောက်နှစ်ဦးကတော့ ဟိုခိုရပ်ကွက်မှ ပါမီးနှင့် ပါမီးငယ် ဆိုသည့် အမျိုးသမီးနှစ်ဦး ပင်။


“ ၂၀၁၀ တုန်းကတော့ ကျားဖြူထည့်တယ်။ အခုလည်း မဲထည့်ဖြစ်မယ်။ ဒေသတွင်းမှာ ဆန်ဈေးကြီး တယ်။ အလုပ်အကိုင်နည်းတယ်။ ပြောင်းဈေးကျတာတွေဖြစ်တော့ တောင်သူတွေရှုံးတယ်။ တောင်သူ တွေအဆင်မပြေဘူး။ ဒါက အန်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာကို ဖြစ်နေတာ၊ မဲထည့်ဖို့တော့ ဘယ်ပါတီကိုထည့်မယ်ဆိုတာ သေချာစဉ်းစားရမယ်”  ဟု ပါမီးငယ်က ဖျော်ဖြေမှုခေတ္တ ရပ်နားနေပြီး ကျားခေါင်းပါတီ ကိုယ်စားလှယ်လောင်းများမှ ဟောပြောနေချိန်တွင်  စာရေးသူအား ပြောပြသည်။


သျှမ်းအမျိုးသမီးနှစ်ဦးနောက်ဆုံးမဲထည့်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကော ၉၀ ရွေးကောက်ပွဲမှာပါ ကျေးသီးဒေသတွင် သျှမ်းပါတီများသာ အနိုင်ရခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျားခေါင်းပါတီ အနိုင်ရခဲ့ပြီး ၂၀၁၀ တွင်မူ ( ပါတီခေါင်းဆောင်များအဖမ်းခံနေရသဖြင့်) ကျားခေါင်းပါတီက  နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းမရှိချိန်တွင် ကျားဖြူပါတီက အနိုင်ရခဲ့သည်။ သို့သော်လာမည့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကတော့ မပြောတတ်သေး။


သို့သော် အဆိုပါ အမျိုးသမီးနှစ်ဦးအား အင်တာဗျူးပြီးချိန်တွင်ပင် မြို့ပေါ်အိမ်ခြေ ၈၀၀ ခန့်သာ ရှိသည့်ကျေးသီးတွင် လူဦးရေ ၅၀၀၀ ခန့်မှာ စတိတ်ရှိုးရှေ့တွင် ရောက်နေကာ ကျားခေါင်းပါတီ အလံ ကိုင်ပြီး ဝှေ့ရမ်းသူ ဝှေ့ရမ်း ၊ သီချင်းသံပြိုင်လိုက်ဆိုသူလိုက်ဆို ၊ မျက်နှာတွင် ကျားခေါင်းပါတီ စတစ်ကာများကပ်ထားသူတို့ဖြင့် အမြောက်အမြားရှိနေသည်ကို သတိပြုမိသည်။


တီးဝိုင်းဖြစ်သည့် ပါဝါ3 Music Band ၏ ဟန်ချက်ညီတီးခတ်မှုနှင့်အတူ နာမည်ကျော် သျှမ်းအဆိုတော်များဖြစ်သည့် စိုင်းအောင်ထီးခမ်း ၊ စိုင်းဆိုင်ဖွန် ၊ စိုင်းလိတ် ၊ စိုင်းဆိုင်စွမ်ဖှတို့ ဖျော်ဖြေချိန်တွင်မူ ပရိသတ်များ၏  အားပေးမှုများမှာ ကြောက်ခမန်းလိလိပင်။


သီချင်းနာမည်ကို စာရေးသူမေ့နေသော်လည်း မြန်မာဘာသာဖြင့် “ သျှမ်းဝတ်စုံတွေဝတ်ရတာ မရှက်ဖို့ ” ဆိုသည့် အဓိပ္ပာယ်ပါ စာသားပါသည့်  အစ်ကိုဖြစ်သူ စိုင်းထီးဆိုင်၏ သီချင်းအား ညီဖြစ်သူ စိုင်းအောင်ထီးခမ်းက ပြန်လည်သီဆိုလိုက်သည်မှာ ကွယ်လွန်ခဲ့ပြီဖြစ်သည့် ဂန္တဝင်အဆိုတော်ကိုပင် ပြန်ပြောင်းသတိရစရာပင်။ အမျိုးသားရေးအရလည်း အသိသတိရှိရန် သတိပေးသည့် သီချင်း လည်းဖြစ် ပေသည်။ ဒေသတွင်းအရေး တိုင်းရင်းသားအရေးအတွက် အမှန်တကယ် ဆောင်ရွက် နိုင်မည့် ကျားခေါင်းပါတီကို မဲပေးကြရန်လည်း၎င်းက တိုက်တွန်းခဲ့သည်။


'ကျွန်တော်တို့ရှမ်းပြည်အခြေနေက နှစ်ပေါင်းများစွာ စစ်ပွဲတွေ ပဋိပက္ခတွေနဲ့ အတူ ဖွံ့ဖြိုးမှု နိမ့်ကျ တယ်။ စစ်ရေးအရ ဖြေရှင်းကြတာတွေက ပြည်သူတွေအတွက် နစ်နာတယ်ဗျ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့အမြဲဆော်သြတိုက်တွန်း လုပ်ကိုင်နေတဲ့ ပါတီဟာ ကျားခေါင်းပါတီ SNLD ဖြစ်တယ်။ ဒေသတွင်းမှာ အစဉ်အလာအရကောပေါ့။ ဒါကြောင့် ကျားခေါင်းပါတီကိုမဲပေးဖို့ တိုက်တွန်းရတာပါ။ ' ဟု စိုင်းအောင်ထီးခမ်းက လည်း စာရေးသူအား ပြောပြသည်။


လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းစံမိန်း ကတော့ ပင်လုံမူကို ကိုင်စွဲသည့်ကျားခေါင်းပါတီကို ယုံယုံကြည်ကြည်မဲထည့်ရန် တိုက်တွန်း ပြောဆိုသည်။


စည်းရုံးဟောပြောသီဆိုဖျော်ဖြေမှုကို လာရောက်ကြည့်ရှုနားထောင်ခဲ့သည့် စိုင်းသက်လှိုင် ကမူ ကျား ခေါင်းပါတီမှာ လူထုအားပေးမှုများသည့်ပါတီဖြစ်ပြီး ၄င်းကိုယ်တိုင်လည်း ရှမ်းပါတီကိုပင်မဲထည့်မည်ဟု ကလေးချီလျက်ပင် စာရေးသူ၏ မေးမြန်းမှုကို စိတ်ဝင်တစားဖြေဆိုသည်။


စည်းရုံးဟောပြောမှုနှင့်အတူ တေးဂီတ ဖျော်ဖြေတင်ဆက်မှုပါ ပါဝင်ခဲ့သည့်အတွက် ပရိသတ်များ သည်ဟု ထင်မှတ်စရာရှိသော်လည်း ကျားခေါင်းပါတီခေါင်းဆောင်ဖြစ်သည့် ဦးခွန်ထွန်းဦး စည်းရုံးရေးမလာနိုင်သည့်အပေါ်တွင်လည်း မချင့်မရဲဖြစ်နေသူတွေလည်း ရှိနေခဲ့သည်။တစ်ချို့ကလည်း တေးဂီတ ဖျော်ဖြေပွဲ ကြီးကြီးမားမား မရှိခဲ့သည့်ကျေးသီးတွင် လာရောက်ဖျော်ဖြေမှုအပေါ် ၀မ်းသာမဆုံးဖြစ်နေကြသည်။


ဝါရင့် သျှမ်းတေးရေးသမားဖြစ်သည့် စိုင်းလောဝ်ဆိုင်၏ ဖျော်ဖြေမှုတွင် ညီဖြစ်သူ စိုင်းဆိုင်မောဝ် ၏သီချင်းများကို သီဆိုခဲ့ပြီး ၄င်းကိုယ်တိုင်ရေးသားခဲ့သည့် ကျော်ကြားခဲ့သော သျှမ်းတေးသီချင်းများကို ဖျော်ဖြေခဲ့ရာ သံပြိုင်သီဆိုသံများမှာ ရပ်ကွက် ၆ ရပ်ကွက်ရှိသည့် ကျေးသီးတမြို့လုံးအား လွှမ်းခြုံခဲ့ သည့် အလားပင်။ လူငယ်တစ်ယောက်အလား မမောနိုင်မပန်းနိုင် သီဆိုနေမှုမှာ အသက်ကြီးပေမယ့် မပျက်စီးသေးသလိုပင်။


နန်းလောဝ်ဟွမ်နွမ်း ၊ ယိင်းယိင်းခေး စသည့် အမျိုးသမီးအဆိုတော်များအလှည့်တွင်လည်း ပရိသတ်များက သံပြိုင်သီဆို ကခုန်အားပေးကြသည်ကိုတွေ့ရသည်။


ထူးခြားမှုမှာယနေ့ ဖျော်ဖြေခဲ့သည့် အဆိုတော်တိုင်းက ကျားခေါင်းပါတီအား မဲပေးရန်တိုက်တွန်းခဲ့ခြင်းပင်။


နောက်ဆုံးအပိတ် သီချင်းမရောက်မှီ စိုင်းဆိုင်စွမ်ဖှက ဖျော်ဖြေခဲ့ပြီး အမျိုးသားရေးစိတ်ဓါတ် တက်ကြွစေသည့် သီချင်းဖြစ်သည့် သူဌေးဖြစ်ဖို့ နိဗ္ဗာန်သွားဖို့ထက် အမျိုးသားရေးကပိုပြီး တာဝန်ရှိတဲ့အတွက် အမျိုးသားရေးကိုပဲလုပ်ဖို့ ဦးတည်ဦးမယ် ဆိုတဲ့ သီချင်းစာသားပါ သီချင်းအလှည့်မှာတော့ ပရိသတ်အားလုံး တက်တက်ကြွကြွပင်လိုက်ပါသီဆိုခဲ့သည်ကို တွေ့ရသည်။


အပိတ်သီချင်းကတော့ အုပ်စုလိုက်သီဆိုမှုအဖြစ် ကျားခေါင်းပါတီမဲဆွယ်သီချင်းဖြစ်သည့် “ယြှှ်ုဢဵ္မ်္လြင်း္ဂြဿ - ယာဟိုင်အိန်ဟျန်းဟိုင်”   သီချင်းကို သီဆိုချိန်တွင်တော့ အခမ်းနားစတင်ခဲ့ချိန်က သီဆိုမှုလို မဟုတ်တော့။


ပရိသတ်များကလည်း အချိန်တိုအတွင်းမှာပင် အဆိုပါသီချင်းကိုသံပြိုင်လိုက်ဆိုနိုင်ခဲ့သည်။ “ယြှှ်ုဢဵ္မ်္လြင်း္ဂြဿ - ယာဟိုင်အိန်ဟျန်းဟိုင်” ၏ မြန်မာလိုအဓိပ္ပာယ်ဖြစ်သည့် တို့စည်းလုံးမှု အင်အားတွေ မပျောက်စေနဲ့ ဆိုသည့် ကိစ္စရပ်အပေါ်  မိုးဖွဲဖွဲကျနေသည့် အပြန်လမ်းတစ်လျှောက် တွေးတော စဉ်းစားနေမိပါတော့သည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates