မိုင်းရှူးမှ အပြန်.... မိုင်းရှူးသွားတောလား ( ဇာတ်သိမ်းပိုင်း၊ အပိုင်း ၄ )



ကျားဖြူကိုယ်စားလှယ်နှင့် တွေ့ပြီးနောက် မြို့မိ မြို့ဖ အချို့နှင့် တွေ့ဆုံခဲ့သည်။


၎င်းတို့ကလည်း ကျားဖြူပါတီကဲ့သို့ ပါတီငယ်များ၏ နယ်မြေတိုင်း ရွေးကောက်ပွဲ ကျင်းပခွင့်အတွက် တင်ပြတောင်းဆိုမှုမှာ ကြိုဆိုသင့်သည့် ကိစ္စဟု မှတ်ချက်ပြုကြသည်။


ပါတီငယ်များတင်ပြသည့်အတွက် NLD တစ်ပါတီထဲကပဲ ရွေးကောက်ပွဲ နယ်မြေအချို့ပယ်ဖျက်ရန် ဆန္ဒရှိသလို ဖြစ်နေခဲ့ပီ။ အမှန်စင်စစ် ၂၀၁၅ ရွေးကောက်ပွဲကာလ မိုင်းရှူး ၊ ကျေးသီး ဒေသခံများ မဲမပေးခဲ့ရမှုမှာ ကျားဖြူနှင့် တစုံတရာပတ်သက်ခဲ့သည် မဟုတ်ပင်လော။ ပါတီ၏ ဆုံးဖြတ်ချက်ကြောင့်ဖြစ်စေ ကိုယ်စားလှယ်လောင်းများ၏ ဆုံးဖြတ်ချက်အရဖြစ်စေ ယင်းကဲ့သို့ ဆောင်ရွက်မှုမှာ မဆိုးလှ။


' မနှစ်ကလည်း ရွေးကောက်ပွဲ ပယ်ဖျက်ဖို့ ကိစ္စ တင်ပြလို့ သူတို့ကို လူထုက တော်တော်လေး အမြင်မကြည်ဖြစ်သွားတယ်။ ဒီတစ်ခါဆိုရင် ကိုယ့်သေတွင်းကိုတူးသလိုဖြစ်မယ်။ အရင် အတွေ့အကြံကနေ သင်ခန်းစာ ယူခဲ့ဟန်တူပါတယ်။ ' ဟု ဒေသခံ စိုင်းအုန်းမောင်က သုံးသပ်သည်။


စာရေးသူ တွေ့ဆုံခဲ့သည့် ကျားဖြူ ကိုယ်စားလှယ်လောင်း နန်းခမ်းယဉ်အောင် ကလည်း နိုင်ငံရေးအရ ၄င်းမှာ အတွေ့အကြုံနည်းသေးသည့်အတွက် လိုအပ်သည့် အချက်များရှိပါက အကြံပေးပါရန်လည်း စာရေးသူအား ပြောခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ ၂၁ ပင်လုံ သွားရောက်စဉ်က သျှမ်းအင်အားစုများ ညစာစားပွဲတွင် စိုင်းအိုက်ပေါင်း ပြောဆိုခဲ့သည့် သျှမ်းညီညွတ်ရေးအတွက် အချိန်အခါကျရောက်နေပြီ ဆိုသည့် စကားသံကလည်း ကြားယောင်လာသည်။


သို့ပေလင့်ကစား ယခုကဲ့သို့ တစ်ချိန်က အာဏာရှင်အုပ်စုက တပိုင်း ၊ တိုင်းရင်းသားများနှင့် မပြေပြစ်သည့် NLD က တပိုင်းဖြစ်နေသည့် အနေထားတွင် သျှမ်းအချင်းချင်း ညီညွတ်ရေးတွင်ပင် မည်သူ့ မဟာမိတ်ဖြစ် သနည်း သျှမ်းအုပ်စုများ သီးသန့်ထွက်ရပ်တော့မည်လား ၊ တရုတ်နောက်ခံ ၊ ထိုင်း အမေရိကန် နောက်ခံ ( သို့မဟုတ် ) ဗမာ( သို့မဟုတ် ) စစ်တပ် ကြံ့ခိုင်ရေး နောက်ခံဖြင့် နေမည်လား ၊ ဆိုသည့် ကိစ္စရပ်များမှာ တစ်ဖွဲ့ချင်းစီအလိုက်ရပ်တည်မှု ၊ အမျိုးသား အကျိုးစီးပွားအတွက် မည်မျှစွန့်လွတ်စွန့်စားကာ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများကို လက်လွတ်ခံနိုင်သနည်း ဆိုသည့် မေးခွန်းများမှာ မေးမြန်းချင်စရာ ကိစ္စရပ်ဖြစ်သည်။ ခွန်ထွန်းဦးကဲ့သို့ ကျန် သျှမ်းခေါင်းဆောင်များထက် သြဇာတိက္ကမကြီးသည့်သူ ရှိနေသည့် အချိန်တွင် အမျိုးသား အကျိုးစီးပွားကို အမှီခိုကင်းကင်းဖြင့် ရပ်တည်ကာ ညီညွတ်ရေးအတွက် ဆောင်ရွက်ကြမည် ဆိုလျှင်တော့ အကောင်းဆုံးအချိန်အခါပင်ဖြစ်သည်။ ညီညွတ်ရေးလုပ်ရာတွင် စီးပွား လာဘ်လာဘ ဆိုင်ရာအကျိုးစီးပွား စွန့်လွတ်မှု ၊ အခန့်မသင့်ပါက ထောင်ဒဏ်သို့မဟုတ် နိုင်ငံရေးအရ ရုန်းကန်နေဆဲတွင် များစွာနစ်နာ ဆုံးရှုံးရမှုများကိုပါ တွက်ချက်မှု မပြုပဲ စွန့်လွတ် စွန့်စားနိုင်မှ စစ်မှန်သည့် ညီညွတ်ရေးဖြစ်ပေမည်။ သျှမ်းနှစ်သစ်ကူးတွင် ပိုက်ဆံလှူပြရုံနှင့် သျှမ်းညီညွတ်ရေး သျှမ်းပြည် ပြန်လည်ထူထောင်ရေးအတွက် နေရာရနိုင်သည်ဆိုသည့် အနေထားမျိုးနှင့်မျှတော့ အလုပ်ဖြစ်မည်မဟုတ်ပေ။  နိုင်ငံရေးအရ သဘောတူညီချက်မရှိပဲ သူများပေးတာယူ ( အစိုးရအဖွဲ့တွင် သူများ ပေးတဲ့ရာထူးယူခြင်းကို ဆိုလို ) ကျွေးတာစားတိုင်းလည်း အမျိုးသား အကျိုးစီးပွားကို သယ်ပိုးနိုင်မည်မဟုတ်ပေ။  ( စကားကြွင်း ။  ။ သျှမ်းညီညွတ်ရေးအပါဝင် သျှမ်းပြည် ညီညွတ်ရေးအတွက် ထားရှိရမည့် အခြေခံမူများနှင့် ပတ်သက်၍ မကြာမှီ ဆောင်းပါး တစ်ပုဒ်ရေးရန် အချက်အလက်များစုဆောင်းနေပါသည်။)
 တစ်ချိန်တည်းတွင်လည်း သျှမ်းအင်အားစုအချို့အနေဖြင့် နိုင်ငံရေးကစားပွဲများတွင် ၀ိတ်တန်းတူညီမှုရှိမရှိ ၊ နိုင်ငံရေးအရ ချိန်ခါသင့် ဖြစ်မဖြစ်ဆိုသည့် အနေထားများကို သေချာလေ့လာရန် လိုနေသည်။ သို့မှသာ ကိုယ်တိုင်ဇာတ်မကရသဖြင့် ပတ်မကြီးထိုးဖောက်သည်ဆိုသည့် အနေထားမျိုးဖြင့် ပြည်သူအမြင်မကြည်သည့် အဆင့်ကို ကျော်လွန်နိုင်မည်ဖြစ်သည်။ နိုင်ငံရေးအရ ဦးဆောင်မှု အခန်းကဏ္ဍ ကိစ္စတွင်ဖြစ်စေ ၊ အာဏာရအား အတိုက်ခံ လုပ်သည့်နေရာတွင် ဖြစ်စေ နည်းဗျူဟာတကျ ချိန်သားကိုက် ကစားတတ်ဖို့လည်း လိုလှပေသည်။


ထိုင်းနိုင်ငံ၏ နမူနာကောင်းတစ်ရပ်ကို ပြလိုပါသည်။ ဥပမာအားဖြင့် အဘီဆစ်မှာ အင်္ဂလန်ပြန် ပညာတတ် နိုင်ငံရေးသမားတစ်ဦးဖြစ်သောကြောင့်  ထိုင်း ဒီမိုကရက် အင်အားစုများအပါဝင် ၄င်းပါတီကို ထောက်ခံသူများ က အနာဂတ်ခေါင်းဆောင်အဖြစ် ရှုမြင်သော်လည်း ရှပ်နီခေါင်းဆောင် သက်ဆင်အားကောင်းနေပြီး အာဏာ ရနေ ခဲ့သည့် အချိန်ကာလတွင် ၄င်းအား အဓိက အတိုက်အခံ ခေါင်းဆောင်အဖြစ် ထုတ်မကစားစေခဲ့ပါ။ အကယ်၍ ထုတ်ကစားစေခဲ့လျှင် လက်ဝှေ့ကြိုးဝိုင်းစကားအနေဖြင့် ပြောရမယ်ဆိုရင် ၀ိတ်တန်းကွာဟလွန်း သဖြင့် မုချ ရှုံးနိမ့်ကာ ဦးကျိုးသွားမည်ဖြစ်သည်။ သို့အတွက် သက်ဆင်ပြုတ်သွားပြိး နောက် ၅ နှစ်အကြာတွင် အဘီဆစ်မှာ ထိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ရံဖန်ရံခါ ဆိုခဲ့ပါကိစ္စများမှာ နိုင်ငံရေးအရကော ပြည်သူ့ အမြင်အရပါအင်မတန်အရေးပါသည်ကို သတိပြုသင့်သည်။


 ယခုလက်ရှိမြန်မာနိုင်ငံ အခင်းအကျင်းနှင့် ကြည့်မည်ဆိုလျှင် NLD အစိုးရမှာ အစိုးရအလုပ်အားအောင်မြင်အောင်မလုပ်နိုင်သေးသည်မှန်သော်လည်း အဓိက အတိုက်အခံဖြစ်ရမည့် ပြည်ခိုင်ဖြိုးမှာ ပါတီဥက္ကဌက အစ နုလွန်းနေပြီး နိုင်ငံရေးအရ ၀ိတ်တန်းကွာလွန်းနေသည်မှာ သတိပြုစရာပင်။ လူအများအနေဖြင့် NLD အား စိတ်ပျက်နိုင်သော်လည်း ကြံ့ခိုင်ရေးအား မဲပုံထည့်ပါ့မလားဆိုသည့် မေးခွန်းကလည်း မေးလို့ကောင်းသည့် အနေထားပင်။ ယခု လတ်တစ်လော ၈၈ မျိုးဆက်မှ ဦးကိုကိုကြီးအပါဝင် မျိုးဆက်အားလုံးပါဝင်သည့် ပါတီထူထောင်ရန် ကြိုးပမ်းနေကြခြင်းမှာ နိုင်ငံရေးအရ ချိန်သားကိုက်ဖြစ်မှုအပေါ် တစ်ဘက်က အမြင့်ဆုံးအဆင့်မှ ပြန်အကျ နိုင်ငံရေးအရ အတန်သင့်ရှိပြီးသူများက တက်ရန်ကြိုးပမ်းနေသည့် အချိန်ကာလဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ သျှမ်းပြည်အနေထားအရ ပြောရမည်ဆိုလျှင် မည်သူ နိုင်ငံရေးအရ သြဇာဆက်တက်နေသည်ဆိုသည်ကို ပြောစရာပင်လိုမည်မထင်ပါ။ နိုင်ငံရေးအရ လုံးဝပြန်မလာနိုင်သည့် အဆင့်ရောက်မသွားစေရန် သတိပေးလိုခြင်းဖြစ်သည်။


ယင်းကိစ္စအားတွေးမိနေစဉ်ပင်သျှမ်းအချင်းချင်း မတည့် စကားများ ရန်ဖြစ်နေသည်ထက် အားလုံး တစားပွဲထဲ ထိုင်နိုင်သည့် သျှမ်းပြည် ညီညွတ်ရေးကော်မတီကိုလည်း ပြေးမြင်မိသည်။ အရှိန်ရစပြုလာနေပြီဖြစ်သည့် ကော်မတီမှာ ခွန်ထွန်းဦး ဥက္ကဌ လုပ်သည့်နှစ်တွင် လှုပ်ရှားမှု အားပိုကောင်းလာခဲ့သလို တစ်ဘက်တွင်လည်း ၂၁ ပင်လုံ အမျိုးသားအဆင့် ဆွေးနွေးပွဲ စသည့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ ဆက်စပ် ဖြစ်စဉ်များကြောင့် မဖြစ်မနေ ဆုံတွေ့ရသည့် နေရာဖြစ်နေပေသည်။


ညစာစားပြီးနောက် မတ်လ ၂၄ ရက်နေ့တွင် ဟိုင်းပါ ရေတံခွန်သွားရန်နှင့် ရေတံခွန်မှအပြန် လွိုင်လင် ပြန်ရန် စဉ်းစားမိသည်။ လမ်းတွင်အင်တာနက်မှာ မသေချာတော့သဖြင့် မိုင်းရှူးသွားတောလား အပိုင်း (၂ ) ကို မိုင်းရှူး တွင် အပြီးရေးပြီး မနက် ခရီးမသွားခင် တင်ရန် ဆုံးဖြတ်လိုက်သည်။ မနက်သွားမည့်အစီအစဉ်ကလည်း ကားမှာ သွားမည့် လူအရေအတွက်နှင့် မလောက်သဖြင့် စာရေးသူက ဆိုင်ကယ်ဖြင့် ကားနှင့် ရှေ့ဆင့်နောက် ဆင့် လိုက်လာရန် ကျားခေါင်းပါတီမှ စိုင်းမျိုးဇင်က ပြောသည်။ သို့အတွက် ရေတံခွန်မှအပြန်ပြန်နိုင်ရန် အဝတ်အစားများကိုပါ ညကတည်း တစ်ခါတည်း သိမ်းဆည်းရလေတော့သည်။


ဟိုင်းပါမှာ စာရေးသူ စိတ်ဝင်စားသည့် ဒေသလည်းဖြစ်သည်။ ၂၀၁၅ ခုနစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင်များရှိနေသလို အနီးအနားရှိ အရေးပါသည့် ပိုစ့်ကိုလည်း တစ်ဘက်နှင့် တစ်ဘက် မဖယ်ပေးကြဟု သတင်းထွက်ဖူးသည့် နေရာ။ မိုင်းရှူးတောင်ပေါ် လွယ်ဆောင်ထောက်သို့ သွားမည့် အစီ အစဉ်ကတော့ အချိန်မရသဖြင့် ဖျက်လိုက်ရသည်။ အကယ်၍ အချိန်ရ၍ သွားနိုင်ခဲ့ပါက ဆောင်းပါးကောင်း များထွက်လာဦးမည်မှာ မလွှဲဧကန်ပင်။ မနက်ဝေလီဝေလင်း အာရုံတက်ချိန်တွင် တရားဓမ္မသံများကြောင့် နိုးထလာခဲ့သည်။ ၆ နာရီအကျော်တွင်ပင် မနက်စာစားရန် ဈေးလမ်းထောင့်သို့ ထွက်ခဲ့သည်။


ဈေးအနီးသျှမ်းမုန့်တီ သုံးဆောင်ပြီးနောက် ညကရေးထားခဲ့သည့် ဖိုင်အားတင်ရန် အင်တာနက်ဆိုင်သို့ ခြေဦး လှည့် ခဲ့သည်။ ဆိုင်ရှင်ကောင်မလေးမှာ နေ့စဉ် ၄င်းတို့ဆိုင်သို့ လာသုံးနေကြဖြစ်နေပီဖြစ်သည့်အတွက် အတန်ငယ်ရင်းနှီးနေပြီး ဘယ်နေ့ ပြန်မလဲဟု စာရေးသူအား မေးလေသည်။ သူမ၏ ဖခင်မှလည်း စာရေးသူအား ရေညှိတစ်ထုပ်လက်ဆောင်အဖြစ် ပေးလိုက်သေးသည်။ အင်တာနက် ဆိုင်တွင် ဖိုင်တင်ပြီးသည့်နောက် ရေမိုးချိုးကာ အပြန်ခရီးနှင့် ဟိုင်းပါ ရေတံခွန် ခရီးအတွက် အသင့်ဖြစ်နေရန် ပြင်ဆင်ခဲ့သည်။ ကျားခေါင်းပါတီမှ စိုင်းမျိုးဇင်မှ  ၉ နာရီခွဲတွင် ထွက်ခွာမည်ပြောသဖြင့် အသင့်ဖြစ်နေရန်ပင်။ သို့နှင့် ၄င်းကို မေးကြည့်တော့ ၁၀ နာရီခန့်မှ စထွက်ဖြစ်မည်ပြောသဖြင့် မြို့အထွက် စာပြန်ပွဲ ကြိုဆိုရေး မုခ်ဦးတွင် စောင့်နေမည်ပြောကာ ဆိုင်ကယ် ဆီ ၊ လေဖြည့် ကြံ့ခိုင်မှု စစ်ဆေးရင်း မြို့အထွက်ဘက်သို့ ထွက်ခဲ့သည်။ တော်တော်နှင့် ပေါ်မလာသည့်အတွက် စောင့်နေစဉ် နာရီကြည့်လိုက်ချိန်တွင် ၁၀ နာရီခွဲနေပြီဖြစ်သည့်အတွက် အချိန်လင့်နေပြီဖြစ်သောကြောင့် ရေတံခွန်မသွားတော့ပဲ လွိုင်လင်သို့ တိုက်ရိုက်ပြန်မည်ဟု ဆုံးဖြတ်ကာ ထွက်လာခဲ့သည်။


တပေါင်းလဆုတ်၏ နေမှာ နွေတဖြည်းဖြည်းပီပြင်လာမှုနှင့်အတူ သျှမ်းပြည်ဖြစ်သောကြောင့် အညာဒေသလောက် မပူလင့်ကစား အတန်ငယ်တော့ ရှိန်သည်ဟု ဆိုရမည်။ နမ့်ကတ်တံတား ၊ ၀မ်ဆော့ ထိုမှတဆင့် ဟိုင်းပါလမ်းခွဲ  ၀မ်ဟိုင်းဌာနချုပ်သို့ သွားသည့် ပါခီးလမ်းခွဲရောက်ချိန်တွင် ၁၁ နာရီပင် ရှိနေပြီ ။ မိုင်းနောင်နှင့် မိုင်းရှူးအကြားတွင် ထမင်းဆိုင်ကောင်းကောင်းလည်း မရှိသည်မို့ လမ်းခွဲက ဆိုင်တွင်ပင် ခေတ္တနားကာ စားသောက်ရန် ဆိုင်ရှေ့တွင် ဆိုင်ကယ်ရပ်လိုက်သည်။


ဆိုင်ထဲဝင်ကာ ခေါက်ဆွဲမှာပြီး၍ ခုံတွင်ထိုင်နေစဉ်ပင် ဆိုင်မျက်နှာချင်းဆိုင်ရှိ လမ်းခွဲအတွင်းမှ SSPP/SSA သျှမ်းစစ်သည်များတင်ဆောင် လာသည့် ထရပ်ကားမှာ လမ်းအတွင်းမှ ထွက်လာသည်။ လက်ထဲတွင်တော့  လက်နက်များကိုယ်စီဖြင့်။ မိုင်းရှူး ဒေသခံများ၏ ပြောဆိုချက်အရမူ ပုံမှန်အားဖြင့် SSPP စစ်သည်များနှင့်တပ်မတော်စစ်သည်များတွေ့တိုင်းလည်း တိုက်ပွဲဖြစ်သည်တော့မဟုတ် ။ အထူးသဖြင့် နယ်မြေစိုးမိုးရေးအတွက် အထက်အမိန့်အရ တိုက်ရသည့် အခါတွင်သာ တိုက်ခိုက်နေရခြင်းဟု ဆိုကြသည်။


မှန်လည်း မှန်ပေသည်။


မိုင်းရှူး မိုင်းနောင်လမ်းတစ်လျှောက် SSPP/SSA စခန်းများနှင့် တပ်မတော်စခန်းများမှာလမ်းတစ်ဘက် တစ်ချက်စီတွင်၊ သူတောင်တစ်လုံးဆိုလျှင် ဘေးကပ်လျက်တောင်တွင် ကိုယ်က တလုံးအနေထားဖြင့်ပင်။ မြောက်ပိုင်းအဖွဲ့များအနက် SSPP/SSA ကဲ့သို့ အခွင့်အရေးမျိုးကို ကျန်အဖွဲ့များမရခြင်းမှာ ကျန်အဖွဲ့အများစု  ( ကိုးကန့် ၊ ကေအိုင်အေ ၊ တအာင်းပလောင်စသဖြင့် ) အဖွဲ့များမှာ အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ပြည်နယ် ၊ ပြည်ထောင်စု အဆင့် အပစ်ရပ်ထားခြင်း မရှိသောကြောင့်ဟု ဆိုလေသည်။ ပြည်နယ် ပြည်ထောင်စုအဆင့် အပစ်ရပ်ထားမှုခြင်းအတူတူ ၊ မွန် ၊ ကရင်နီတို့ထက် SSPP/SSA နှင့် တပ်မတော်အကြား တိုက်ပွဲပိုဖြစ်ရခြင်းမှာလည်း ၄င်း၏ နယ်မြေမှာ မြောက်ပိုင်းအဖွဲ့များအကြား မဟာဗျူဟာကျသည့် နယ်မြေတွင် တည်ရှိနေမှုကြောင့်ဟု ယျေဘူယျခန့်မှန်း၍ ရပေသည်။


သို့သော် နောက်ပိုင်းနှစ်များအတွင်းဖြစ်ခဲ့သည့် တိုက်ပွဲအရှိန်က သိပ်တော့မသေးငယ်လှပေ။ မြစ် အရှေ့ ဘက်ကမ်းတွင် ၀ နယ်၊ မြောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် တအာင်းပလောင် ၊ ကေအိုင်အေတို့နှင့် နယ်မြေချင်းထိစပ်နေကာ ကိုးကန့်နှင့်လည်း သိပ်မဝေးလှပေ။  ခေါက်ဆွဲစားပြီးနောက် ဆိုင်နောက်ဖေးတွင် အပေါ့အပါးသွားကာ ထွက်ခဲ့သည်။


၂၁ ပင်လုံအပြီး တိုက်ပွဲများပြင်းထန်ခဲ့မှု ၊ အစိုးရသစ် နှင့် တိုင်းရင်းသား များအကြားယုံကြည်မှု ကျဆင်းလာချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒယီးဒယိုင်နှင့် တိုးတက်မှု မရှိတော့မှုများမှာ စဉ်းစားကြည့်လိုက် တော့ ရတက်မအေးစရာပင်။


အသွင်ကူးပြောင်းရေးအတွက် အရေးပါ သည့် အုပ်စုအားလုံး ပါဝင်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရ မဖွဲ့နိုင်မှု ၊ စနစ်တကျ အတိုးအလျော့ နှင့် ဈေးဆစ်သွား သည့် နိုင်ငံရေးစနစ်မရှိမှု ၊ နိုင်ငံရေးပဋိဉာဉ်မရှိမှုများအကြား တိုက်ပွဲများ ပဋိပက္ခများမှာ ဒီမိုကရေစီ နောက်ပြန် လှန်ရေးအတွက် ခလုတ်ကန်သင်းများပင်။ အစိုးရသက်တမ်းတစ်နှစ်ပြည့်လာချိန် ၊ ရွေးကောက်ပွဲအပြီး တစ်နှစ် ခွဲနီးပါးကာလ ရောက်လာချိန်ပြန်ကြည့်လိုက်တော့လည်း အောင်မြင်မှုဟု ပြောနိုင်စရာမယ်မယ် ရရမရှိသလို ငွေကြေးဖောင်းပွ မှုနှုန်း ၊ ပြန်လည်စတင်လာတဲ့ အလုပ်သမားဆန္ဒပြပွဲတွေ ၊ လက်ပံတောင်း ပစ်ခတ်ဖြိုးခွင်းမှု စသဖြင့် လွန်ခဲ့သည့်နှစ် ယခုလိုအချိန်ကာလက လူထု၏ အပျော်များသည် တစ်နှစ်အကြာ ကြားဖြတ်တွင် ပြည်မဒေသအများစု၌ မဲစာရင်းကြည့်ရန် သိပ်စိတ်မပါကြကြောင်းဖြင့် သက်သေပြခဲ့လေပြီ။


 တာဝန်ယူမှု တာဝန်ခံမှု မပီပြင်ဝါးတဝါးမှုများနှင့် တစ်ချိန်တည်းမှာပင် အတိုက်အခံကို စနစ်တကျမလုပ်တတ်သည့် ယခင်မိုးကျရွှေကိုယ်များဖြင့် လာခဲ့သည့် ပြည်ခိုင်ဖြိုးကလည်း တစ်မှောင့်။  အရပ်ဘက်အဖွဲ့အစည်း မီဒီယာကဏ္ဍတို့မှာလည်း ခြိမ်းခြောက်မှုများနှင့် နေရာမပေးမှုများအကြားတွင် ကိုယ့်အလုပ်ကိုယ် မလုပ်သူများကြောင့်လည်း ဒီမိုကရေစီအရေး နှေးကွေးနေသည်မှာလည်း အံ့သြစရာတော့မဟုတ်ပေ။


ကျူမောဝ်ခေါဝ် တောင်တန်းများ ဖြတ်ကျော်ပြီးနောက် ကွင်းပြင်ဘက်ရောက်လာ၍ ကြည့်လိုက်တော့ တောင်ယာအတွက် မီးရှို့ထားသည့် အနေထားသာတွေ့ရသည်။ လမ်းတွင် ကလေးငယ်တအုပ်နှင့် တွေ့စဉ် အိတ်ထဲတွင်ပါလာသည့် ချိုချဉ်အချို့ကို ဝေငှခဲ့ကာ မုန့်ဖိုးပါ ပေးခဲ့သည်။


မိုင်းနောင်မြို့ဟောင်းနားအရောက်တွင်တော့ ရေပေါလာသည့် လက္ခဏာနှင့်အတူ လယ်ကွင်းများကို တွေ့ရ သည်။ မြို့ဟောင်းအဝင် ဘုရားကို အမှတ်တရ ဓါတ်ပုံရိုက်ခဲ့သည်။ မိုင်းနောင်အရောက်တွင်တော့ ကျားခေါင်း ရုံးအတွင်းခေတ္တဝင်နားကာ ရေသောက် ရေမိုးချိုးပြီး ခဏအကြာတွင် လဲချားသို့ ထွက်ခဲ့သည်။ လဲချား မိုင်းနောင် လမ်းပိုင်းမှာ ၄၆ မိုင်သာ ကွာဝေးသော်လည်း ရွာအနည်းငယ်ပြတ်သည်ဟု စိတ်ထဲထင်မိသည်။


ကျေးသီးမြို့နယ်အတွင်း ရွာအချို့မှာ သျှမ်းအလံလွှင့်ထူထားသည်ကို မြင်ရပြီး မိုင်းနောင်မှ ထွက်လာပြီး မိနစ် ၂၀ ခန့်အကြာတွင် ရှားရှားပါးပါးအဖြစ် ကျားဖြူပါတီ အလံလွှင့်ထူထားသည့် ကားတစ်စီးကို မြင်ရသည်။


ကျားဖြူပါတီ လှုပ်ရှားမှု အချို့ကို ခရီးစဉ်အတွင်းမြင်ခဲ့ရသော်လည်း ကျားခေါင်းပါတီကဲ့သို့ လူအမြောက်အများ တင်ဆောင်လာသည့် ကားများဖြင့် သွားလာလှုပ်ရှားသည်ကိုမူ မတွေ့ခဲ့ရ။  ၀မ်ဟိုင်းဒေသ မဲဆွယ်စည်းရုံးမှုတွင် နန်းဝါနု ဟောပြောမှုနှင့်အတူ  လူ ၃၀၀ ၊ ၄၀၀ ခန့် ထိုင်နားထောင်ခဲ့သည်မှာ အများဆုံး ပမာဏဟု ထင်မိသည်။ သျှမ်းအလယ်ပိုင်းတွင် ယှာဉ်ပြိုင်သည့်ပါတီများအနက် ကျားခေါင်းမှလွှဲ၍ အခြားပါတီများမှာ လူစုလူဝေးနှင့် ဟောပြောနိုင်စွမ်းပိုမိုနည်းပါးလှသည်ဟု မြင်မိသည်။


ကားပေါ်ဝှေ့ကြည့်လိုက်တော့ အသိမိတ်ဆွေတစ်ဦးတစ်လေ မတွေ့ရသဖြင့် ကားဘေးမှသာ ဒီအတိုင်းဖြတ် ကျော်ခဲ့မိသည်။ သျှမ်းပြည်အလယ်ပိုင်းသို့ ယခင်က မောရစ်ကောလစ်၏ စာအုပ်များဖြင့်သာ ရောက်ဖူးခဲ့သည့် စာရေးသူမှာ အတွေးရေယာဉ်တွင် နစ်မြောလိုက် လမ်းကို သတိပြုလိုက်နှင့်  ဘေးဘီဝဲယာမှ တောတန်း ၊ယာခင်းများနှင့် ကျေးရွာများကို ဖြတ်ကျော်လျက် ရှိနေစဉ်မှာပင် ဆိုင်ကယ်ဒိုင်ခွက်ကို ကြည့်လိုက်တော့ ဓါတ်ဆီအနေထားက သိပ်မကောင်းချင်တော့။ သို့ပေမဲ့ လဲချားရောက်တဲ့အထိတော့ လုံလောက်တန်ကောင်းပါရဲ့ ဟု ဆိုကာ ပေခံပြီး မောင်းနှင်လာခဲ့သည်။


သို့သော် အချစ်ရေးတွင် မှန်းချက်နှမ်းထွက်လွဲချော် မကိုက်ညီလေ့ရှိသကဲ့သို့ပင် ဒီနေရာတွင်လည်း မှန်းချက် လွဲပါတော့သည်။ လဲချားမရောက်ခင် ရ မိုင်ခန့်အလို ရွာတစ်ရွာအဝင်နားတွင် ဆိုင်ကယ်မှာ ဆီကုန်၍ ထိုးရပ်ပါတော့သည်။ ရွာအနီးတွင်ဖြစ်သောကြောင့် ရွာအတွင်းတွင် ဆီရနိုင်ကောင်းပါရဲ့ ဆိုသည့် အတွေးနှင့် ဆိုင်ကယ်တွန်းလာခဲ့ရာ ကံကောင်းထောက်မစွာပင် ရွာဝင်ဝင်ချင်းအိမ်တွင်ပင် ဓါတ်ဆီဝယ်ယူရရှိသဖြင့် ၂၀၀၀ ဖိုးဝယ်ကာ လဲချားသို့ နှင်ခဲ့လေသည်။ လဲချားအရောက်တွင်တော့ ညနေ ၄ နာရီ ၅၀ မိနစ်ရှိလေပြီ။ ဆွေးမျိုးများအိမ်တွင် ခေတ္တဝင်ရောက်နှုတ်ဆက်ရင်း ထမင်းစားပြီးနောက် နေအိမ်ရှိရာ လွိုင်လင်သို့ ဦးတည်လာခဲ့သည်။


ယခင်ခေတ်ကာလများက လွိုင်လင်- လဲချားအကြား ယခုလိုအချိန်မျိုးသွားဖို့ မလွယ်ပေ။ ယခုအခါတွင်တော့ အသွားအလာမပြတ်တော့။ လမ်းများချဲ့နေသည့် တောင်ပေါ်လမ်းအဆင်းသို့ ရောက်သော အခါ ဒေသခံမဟုတ်သည့် ပြည်မမှလာသော လမ်းလုပ်သားများ၏ ယာယီနေအိမ်များမှာ အခိုင်အခန့် ဖြစ်နေပေပြီ။ မည်သည့် အချိန်တွင်အမြဲတမ်းနေထိုင်သည့် ရွာဖြစ်သွားမလဲဆိုတာကိုလည်း စာရေးသူ စိတ်ဝင်စားမိသည်။


ဆိုခဲ့ပါ ကိစ္စများမှာ တိုင်းရင်းသားဒေသများတွင် ဖြစ်နေကျကိစ္စပင်။ တိုင်းရင်းသားအများစုက ယင်းကဲ့သို့ ရွှေ့ပြောင်းများအားဒေသခံအဖြစ် သတ်မှတ်ပေးမှုကို မနှစ်ခြိုက်သော်လည်း ဗမာမှုပြုရေး အားကောင်းသည့် ခေတ်ကာလတစ်လျှောက် ၊ တိုင်းရင်းသားနယ်မြေများတွင် ဖြတ်လေးဖြတ်ကျင့်သုံးသည့်ကာလတစ်လျှောက် တိုင်းရင်းသားရွာများကို ရွှေ့ပြောင်းအောင်လုပ်လိုက် ယင်းနေရာတွင် တပ်များအစားထိုး အခြားဒေသမှ လူများ အလုပ်လာလုပ် အခြေချနေထိုင်ဆိုသည့် ကိစ္စများမှာ ဖြစ်နေသည့် ကိစ္စပင်။ ယင်းကဲ့သို့ ကိစ္စများကြောင့် လူမှုဘဝ သဟဇာတမဖြစ်သည့် ကိစ္စများစွာရှိသည်ဟု လဲချား လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျက စာရေးသူအားပြောဖူးသည်။


' ပြည်မကလာတဲ့ ရွှေ့ပြောင်းအချို့ပဲ လဲချားလာနေပြီး ကျီးမနိုးပွဲဆိုပြီး အိမ်တွေပေါ် တက်ယူတော့ ဒီမှာက ဒီလိုပွဲမှ မရှိတာ အိမ်ရှင်ကရိုက် ဘေးအိမ်က ၀င်ဖမ်းနဲ့ ပြဿနာတွေဖြစ်တယ်။ လူမှု သဟဇာတဖြစ်မှု မရှိဘူးဗျ။ ' ဟု ၄င်းက ပြောသည်။


တိုင်းရင်းသားဒေသတွင် ဒေသခံ မူလဌာနေ တိုင်းရင်းသားများ အခွင့်အရေးမရ ၊ နိုင်ငံသားကတ်ပင် ခက်ခဲနေခဲ့ချိန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရှမ်းပြည် ၊ ကချင်ပြည်နယ်တို့တွင် ဗမာအရေအတွက် များလာသည်ကို ပြောဆိုမှုနှင့် NLDအစိုးရလက်ထက် ရွှေ့ပြောင်းများအား အိမ်ထောင်စုဇယားများ ထုတ်ပေးမှုတို့ကို ဆက်စပ်နှိုင်းယှဉ်စဉ်းစားမိသည်။


တစ်ချိန်တည်းတွင် ဟောင်ကောင်တက္ကသိုလ်မှ မိတ်ဆွေတစ်ဦးပြောဖူးသည့် ဟောင်ကောင်လက်ရှိအခြေနေ ကိုလည်း စာနာနားလည်းမိသည်။ ဟောင်ကောင်လွတ်လပ်ရေးရသည့် ၁၉၉၇ ခုနှစ်မှစ၍ ၂၀၁၆ ခုနစ်အထိ ဟောင်ကောင်တွင် တရုတ်ပြည်မမှ ၀င်ရောက်အခြေချနေထိုင်သူ ၂ သန်း နီးပါးရှိနေပြီဟု သူက စိုးရိမ်တကြီး ပြောပြသည်။ ဒီမိုကရေစီစနစ်နှင့် ကျင့်သားရခဲ့သော်လည်း မျိုးဆက်သစ်များပေါ်လာမှုနှင့် တစ်ဘက်က တပြည်ထောင် ကွန်မြူနစ် ၀ါဒအခြေခံ၍ လာရောက်နေထိုင်သူများကြောင့် ကျွန်းဒေသဖြစ်သည့် ဟောင်ကောင်တွင် ဆိုခဲ့ပါ ပြောင်းရွှေ့နေထိုင်မှု နှုန်းထားကြောင့် ဟောင်ကောင်၏ အရေးပါသည့် လူထုဆန္ဒဖြင့် ဆုံးဖြတ်မှုများတွင် အခြားသူများ၏ လွှမ်းမိုးခံရလာနိုင်ချေမှာ မူလ ဟောင်ကောင်ဒေသခံများအတွက် အခြိမ်းခြောက်ဆုံးသော အရာဖြစ်နေသည်ဟု ကျွန်တော့်အား ပြောပြခဲ့ဖူးပါသည်။


နှစ်ပေါင်းများစွာ ရှမ်းပြည်ရှိ ရွာများ ရေမြေတောတောင်များ ပျက်စီးခဲ့မှု ၊ ဖျက် ၄ ဖျက် ကာလအတွင်းတခြားဒေသများသို့ ရွှေ့ပြောင်းခဲ့မှုများ တခြားဒေသမှ လာရောက်အခြေချသူများ ကိစ္စများမှာ လူမှုဝန်းကျင် သဟဇာတဖြစ်မှု ၊ ဒေသခံ အခွင့်ရေးဆိုတာ ဘာလဲဆိုသည့်ကိစ္စများအထိ အတွေးချဲ့စရာကောင်းသည့် ကိစ္စပင်။


ည ၆ နာရီ ခွဲ ကျော်ကျော်တွင်တော့ ပင်လုံမြို့သို့ ၀င်လာလေသည်။


ပြည်ထောင်စု၏ မူလ နယ်မြေဖြစ်သည့် ပင်လုံမြို့ကလေးကတော့ ရှမ်းတွေအတွက် အခုထိတော့ တတ်နိုင်ဝန်ထမ်းနေဆဲဖြစ်သည်။ လွိုင်လင်မြို့နယ်ထဲတွင် ပြည်နယ် မဲဆန္ဒနယ် တခြမ်းအတွက် ပင်လုံမှာ တိုင်းရင်းသားပါတီများနိုင်နေကျ မဲဆန္ဒနယ်ဖြစ်ဆဲပင်။ လွိုင်လင်သို့ရောက်တော့ ရ နာရီပင် ထိုးလုပြီ။ အင်္ဂလိပ်ခေတ်က တောင်စခန်းမြို့ ဥပဒေဖြင့် သီးခြားအုပ်ချုပ်ခဲ့သည့် မြို့မှာ ယခုအထိ ခရီးသွားလုပ်ငန်း မဖွံ့ဖြိုးသလို ခရီးသွားလုပ်ငန်းအတွက် အဓိက အခြေခံကျသည့် တောလမ်းဖြတ် ခြေလျင်ခရီးကြမ်းသွားရန် Trekking အတွက်ပင် ပတ်ဝန်းကျင် တောတောင်များသို့ သွားလာခွင့်မပြုနိုင်သေးပေ။


ခရိုင်အတွင်းလှုပ်ရှားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် RCSS/SSA ကတော့ တစ်ဖွဲ့ချင်းအပစ်ရပ်မှုပါ ထည့်တွက်လျှင် အပစ်ရပ်ထားသည်မှာ ၅ နှစ်ကျော်လာခဲ့ပြီဖြစ်သည်။ အိမ်ပြန်ရောက်တော့ အမေက စောင့်ကြိုနေသည်။ သားတစ်ယောက်အတွက် အမေ့အိမ်သာ နွေးထွေးတဲ့အိမ်ဖြစ်နေပေမဲ့ သျှမ်းပြည်သူ ပြည်သားများအတွက်တော့ သျှမ်းပြည်သည် ၄င်းတို့အတွက် နွေးထွေးလုံခြုံမှုများ မပေးနိုင်သေးသည်ကလည်း ပင်လုံစာချုပ်ချုပ်သည်မှာ နှစ် ရ၀ ကျော်လွန်လာသည်အထိ မပြောင်းမလဲရှိနေသည့် ဖြစ်ရပ်မှန် ဇာတ်လမ်း အဖြစ် တည်ရှိနေပေသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates