အပစ်ရပ်/မရပ် လက်နက်ကိုင်များ တောင်ကြီးမြို့တွင်တွေ့ဆုံ



၉ ကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို  သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌  ၃ ရက်တာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ- တောင်ကြီးမြို့တွင်ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့     အစည်းများ၏ ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်းစည်းအဝေး
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်းစည်းအဝေးကို မတ်လ (၂၈ - ၃၀) ရက်နေ့ထိ Royal Star Hotel တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


“၃ ရက်တာ အဓိက ဆွေးနွေးသွားမှာက ဆက်ဆံရေးရုံးမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အလုပ်လုပ်တဲ့နေရာ မှာ အရင်ကထက် ပိုပြီးတိုးတက်လာအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာ အဓိကအချက်ဘဲ ၊  ၂ အချက် က   အဓိက ကျနော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဘယ်လောက်ထိ တိုးတက်လာပြီလဲ   ဆိုတာကို ဆွေးနွေးသွားမယ်”  - ဟု RCSS/SSA ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်  ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ လည်းဖြစ်သည့်  ဦးခွန်ဆိုင်း ကပြောသည်။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း စုစုပေါင်း ၁၅ ဖွဲ့ရှိပြီး  ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ထိ လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း အားလုံး တက်ရောက်ခွင့်ရှိသည်။ ၉ ကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် အစည်းဝေးတွင်  တက်ရောက်သည့် အဖွဲ့အစည်း ၁၀ ဖွဲ့ သာရှိပြီး ၅ ဖွဲ့မတက်ရောက် ကြောင်း ဦးခွန်ဆိုင်း ကပြောသည်။


“အခုမတက်ရောက်နိုင်သေးတဲ့ အဖွဲ့တွေက  ဝ ၊ မိုင်းလား၊ နာဂ၊ KIO ဒီအဖွဲ့တွေကို တက်ရောက်စေချင် တယ်။ MNSP မွန် အဖွဲ့အစည်းတွေက ခါတိုင်း သူတို့တက်ရောက်တယ်၊ ဒီတစ်ကြိမ်က မတက်ရောက်ဘူး ၊ အားလုံးပေါင်း အဖွဲ့အစည်းက ၁၅ ဖွဲ့ရှိတယ်၊ ခု EAO လာတက်ရောက်တာက ၁၀ ဖွဲ့လာတက်ရောက်တယ် ၊  တစ်ချို့အဖွဲ့လည်း NCA ထိလက်မှတ်ထိုးထားတယ် တစ်ချို့ အဖွဲ့တွေလည်း ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်ထိ လက်မှတ်ထိုးထားတယ်၊  ဥပမာ သျှမ်းပြည်ညီညွတ်ရေးပါတီ (SSPP/SSA ) သူတို့က NCA လက်မှတ်မရေးထိုးရသေးဘူး။ ဒါပေမယ့် သူတို့လည်း  လာတက်ရောက်ခွင့်ရှိတယ်၊ ဘယ်အဖွဲ့အစည်းမဆို ပြည်နယ်အဆင့်ထိ လက်မှတ်ထိုးထားပြီးရင် ဆက်ဆံရေးရုံးဖွင့်ထားခွင့်ရှိတယ်၊  SSPP/SSA ဆို သူတို့  ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့်ထိ လက်မှတ်ထိုးထားတယ်” ဟု  ၄င်းက ပြောသည်။


၉ ကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တက်ရောက်သည့် ကိုယ်စားလှယ်အဖွဲ့အစည်း များတွင်  ALP ၊ CNF၊  KNU/KPC ၊  DKBA၊  PNLO၊  KNU၊  KNPP ၊ ABSDF ၊ RCSS/SSA  နှင့် SSPP/SSA တို့ မှ ဆက်ဆံရေးရုံး  တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြောင်း သိရသည်။


“ရည်ရွယ်ချက် နံပါတ် ၁ က သူတို့လည်း စစ်တပ်  အစိုးရတပ်မတော်လည်း စစ်တပ်ဘဲ  စစ်တပ်အချင်းချင်း အတူတူနေတယ်။ ဒါပေမယ့် အမြဲတမ်း ပဋိပက္ခဖြစ်တယ်၊ ဒါကြောင့် ထိခိုက်မှုမရှိအောင်  ထိခိုက်မှု ရှိရင် လည်း ဖြေရှင်းနိုင်အောင် ဒါက ပထမ ရည်ရွယ်ချက်ဘဲ၊ နောက်ထပ် ဒီအဖွဲ့အစည်းတွေ အားလုံးက ပြည်သူ တွေအတွက် အလုပ်လုပ်ကြတယ်၊ ပြည်သူတွေ သူတို့ကိုနားလည်အောင် ပြည်သူတွေနဲ့ ရင်းနှီးမှုရအောင်  သူတို့ အလုပ်တာဝန်တွေကို ရှင်းပြရမယ့် တာဝန်က သူတို့တာဝန် ”  ဦးခွန်ဆိုင်း ကပြောသည်။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ပြည်သူလူထုကြား ကောင်းမွန်သည့် ဆက်ဆံရေး ရရှိ ရန်၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ လူထုအခြပြုအဖွဲ့အစည်းများစသည့်အဖွဲ့အစည်းများနှင့် ရင်းနှီးမှုရရှိ ရန်၊အစိုးရ နှင့် ဆက်ဆံသည့် အပိုင်းတွင် ပိုမိုလွယ်ကူပြီး ရင်နှီးမှု ရှိရန် တို့ ရည်ရွယ်ကြောင်း သိရသည်။







 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates