သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲ နဲ့ CSSU အနာဂတ် ဥက္ကဌအပေါ် ကျားဖြူပါတီ ဥက္ကဌ အမြင်



လက်ရှိဖြစ်ပေါ်နေတဲ့ သျှမ်းပြည် နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်တဲ့  သျှမ်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲမကျင်းပနိုင်သေးတဲ့ကိစ္စ၊ မတ်လကုန်ရင်  ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ကိစ္စ၊ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့  အနာဂတ် ဥက္ကဌ ရာထူးတို့ပေါ်  သျှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်း ကို သျှမ်းသံတော်ဆင့် ရဲ့ သတင်း ထောက် နန်းဆိုင်ဖူးကနေ ဆက်သွယ်မေးမြန်းထားပါတယ်။


မေး။ ။တောင်ကြီးမြို့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ သျှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တပ်မတော်က ကျင်းပခွင့်မပြုဘဲ နေရာရွှေ့ဆိုင်းလိုက်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။


ဖြေ။ ။ အမှန်တော့ တောင်ကြီးမှာလုပ်ရင်တော့ အသင့်တော်ဆုံးပေါ့။ တောင်ကြီးက သျှမ်းပြည် နယ်ရဲ့မြို့တော်ဘဲ။ တပ်မတော်က သွားလုပ်ခိုင်းတဲ့ မိုင်းတော့မိုင်းထားဆိုတာက အရမ်းဝေးခေါင် လှပါတယ်။ သွားလာရေး လမ်းပန်းဆက်သွယ်ရေး အရမ်းကိုခက်ခဲတဲ့နေရာဖြစ် ပါတယ်။ ဆွေးနွေး ပွဲသွားတက်မယ့်သူတွေအတွက် နေထိုင်စားသောက်ဖို့အတွက်ရော လွယ်ကူ မှာမဟုတ်ပါဘူး။ ဒါကြောင့် အားလုံးအဆင်ပြေမယ့် တောင်ကြီးမှာ ကျင်းပခွင့်မပေး ရင်တော့ တရားမျှတမှုရှိ မှာမဟုတ်ဘူး။


မေး။ ။ ဘာကြောင့် တရားမျှတမှုမရှိဘူးလို့ပြောနိုင်သလဲရှင့်။


ဖြေ။ ။ ကရင်ကိုကြည့်လေ။ ကရင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ် ဖားအံမြို့မှာ ကျင်းပတယ်။ သူတို့ လွတ်လွတ်လပ်လပ်ကျင်းပခွင့်ရတယ်။ သျှမ်းဆိုရင် RCSS/SSA က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်ရေးထိုးထားပြီးပြီဘဲ။ ကရင်တွေ မြို့တော် ဖားအံမှာ ကျင်းပခွင့်ရသလို သျှမ်းတွေလည်း မြို့တော်တောင်ကြီးမှာ ကျင်းပခွင့်ရနိုင်ရမှာပေါ့။ အခုတော့ တောင်ကြီး သို့မဟုတ် ပင်လုံမှာကျင်းပမယ်ဆိုတာကိုခွင့်မပြုဘူးဆိုရင်တော့ တရားမျှ တမှုမရှိတာဘဲပေါ့။


မေး။ ။ CSSU ရဲ့ ဥက္ကဌ တာဝန်ကို ကျားဖြူပါတီကနေ အလှည့်ကျ တာဝဝန်ယူရ မယ်လို့ ပြော ဆိုနေကြပါတယ်။ တာဝန်ယူဖို့အဆင်သင့်ဖြစ်ပြီလားရှင့်။


ဖြေ။ ။ ကျနော့် အနေနဲ့  တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပါပြီ။ ဒါပေမယ့် သိတဲ့အတိုင်း ကျားဖြူပါတီက ကျနော်တယောက်ထဲအလုပ်လုပ်နေတာမဟုတ်တော့ အဲဒီအတွက် ဗဟိုကော်မတီက အစည်းအဝေးထိုင်ရဦးမယ်။ ထိုင်ပြီးမှ ဆုံးဖြတ်ပြီးမှ တာဝန်ယူနိုင်မယူနိုင် သိရမှာဖြစ်ပါတယ်။


မေး။ ။ ဗဟိုကော်မတီအစည်းအဝေးက ဘယ်တော့ကျင်းပမလဲ။


ဖြေ။ ။ လာမယ့်ဧပြီလထဲမှာကျင်းပမယ်။ သို့ပေမယ့်အခုလတ်တလောမှာတော့ CSSU က နှစ်ပတ်လည်အစည်းအဝေးကျင်းပဦးမှာမဟုတ်ဘူး လို့ စာထုတ်ပြန်ထားတယ်။ အတွင်းရေးမှူး စိုင်းညွန့်လွင်ကနေပြီးတော့လက်မှတ်ထိုးထားတဲ့စာတစောင် ကျနော့ဆီပို့လာတာတွေ့ရတယ်။ ဥက္ကဌတာဝန်လွဲဖို့ သူတို့ဘက်ကလည်း အဆင့်သင့်မဖြစ်သေးတာလည်းဖြစ်နိုင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့လည်း တိုက်နေတာကိုး။


မေး။ ။ အခုလို အစည်းအဝေး ရက်ရွှေ့လိုက်တဲ့အပေါ် ဥက္ကဌကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။


ဖြေ။ ။ ပြသနာမရှိပါဘူး။ အမြန်မလိုပါဘူး။ ရွေးကောက်ပွဲတို့ဘာတို့လည်း လုပ်ရမယ်လေ။ ဒါမျိုးအလုပ်က ပုံသေမရှိဘူး။


မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲဆိုလို့ တခုမေးချင်ပါတယ်။ ကျားဖြူပါတီကလည်း ကြားဖြတ်ရွေး ကောက်ပွဲဝင်ပြင်ဆင်နေတယ်။ စည်းရုံးရေးက ဘယ်အဆင့်အထိရောက်ပြီလဲရှင့်။


ဖြေ။ ။ အဆင်ပြေတယ်။ မိုင်းရှူး ကျေးသီးပေါ့ ။ တနေရာ တနေရာဆိုရင် ၄၀၀-၅၀၀ လောက်ရှိမယ်။ လာရောက်နားထောင်အားပေးတဲ့ဒေသခံတွေ။


မေး။ ။ အောင်နိုင်မှုအခြေအနေကကော ဘယ်လိုမှန်းထားလဲ။


ဖြေ။ ။ ကျနော်တို့အနိုင်ရလိမ့်မယ်လို့ထင်တာဘဲ။ တကယ်လို့ ခြိမ်းခြောက်မှုတွေ ဖိအားပေးမှုတွေ မရှိခဲ့ရင်ပေါ့။


မေး။ ။ ဟုတ်ကဲ့ ။ စည်းရုံးရေးခရီးစဉ်ကကော် အများကြီးကျန်သေးလားရှင့်။


ဖြေ။ ။ ပြီးတော့မယ်။ မတ်လကုန်ပေါ့။


မေး။ ။ ဘယ်နေရာကိုဦးစားပေးပြီးသွားသလဲ။


ဖြေ။ ။ မိုင်းရှူး၊ ကျေးသီး အကုန်လုံးပေါ့။


မေး။ ။ လူထုထောက်ခံအားပေးမှုကိုကော ကျေနပ်အားရပါရဲ့လား။


ဖြေ။ ။ ကျားဖြူပါတီကို တခဲနက်အားပေးကြပါတယ်။ စည်းရုံးရေးလုပ်ငန်းမှာ ကျေးသီးကို အားအရဆုံးဘဲ။ လူထုက ကျားဖြူပါတီကို မျှော်လင့်ကြတယ်။


မေး။ ။သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ကျေးရွာ အုပ်စု ၃ ခုကို ရွေးကောက်ပွဲ ကျင်းပရေး ပိတ်ပင်ဖို့ NLD ပါတီက တောင်းဆိုလိုက်တဲ့အပေါ် ကျားဖြူပါတီ ဘယ်လိုမြင်ပါသလဲ။


ဖြေ။ ။ ဘာဘဲဖြစ်ဖြစ်အဲလိုပိတ်လိုက်တော့ တယောက်ထဲကိုဘဲမဟုတ်ပါဘူး။ ကျနော်တို့ ရွေးကောက်ပွဲဝင်မယ့်ပါတီအားလုံးကို ထိခိုက်မှုရှိစေမှာအမှန်ဘဲ။ မပိတ်စေချင်ဘူးပေါ့နော်။ ဒါပေမယ့် အဲဒီပိတ်ခံရတဲ့ အုပ်စု ၃ ခုက လုံခြုံလွတ်လပ်မှုမရှိဘူးလို့သူတို့ပြောတာကြားတယ်။ အမှန်တော့ လက်နက်ကိုင်တပ်ဖွဲ့အားကိုးပြီး မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်မှုတွေရှိနိုင်တဲ့နေရာ တွေပေါ့နော်။ အဲလိုဆိုရင်တော့ ကျနော်တို့လည်း သဘောမတူနိုင်ဘူး။ လက်နက်ကိုတော့ ဘယ်သူမဆိုကြောက်မှာဘဲ။ အဲလိုဖြစ်လာရင် လူထုဆန္ဒအစစ်အမှန်ကိုရနိုင်မှာမဟုတ်ဘူးလေ။ အမှန်အကန်မဟုတ်ဘူး အကြံအဖန်လို့ဘဲခေါ်မှာပေါ့အဲလိုမျိုးက။ မဲပေးတယ်ဆိုတာက မဲပေးပိုင် ခွင့်ရှိတဲ့လူတယောက်ဟာ သူ့မိဘက ခိုင်းစေတာတောင် မလုပ်ရဘူး။ သူ့ဆန္ဒနဲ့သူ သူကြိုက်တဲ့ ကိုယ်စားလှယ်ကို လွတ်လွတ်လပ်လပ်မဲပေးရွေးချယ်ခွင့်ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာက လူထုကို အလုပ်အကျွေးပြုရမယ့်  လူထုအခိုင်းအစေဘဲလေ။ လူထုအတွက်ဘာမှ မလုပ်ပေးတတ်နဲ့ကိုယ်စားလှယ်ကိုရွေးမိရင် လွှတ်တော်ထဲမှာသွားပြီး အိပ်ငိုက်နေမှာဘဲလေ။ အဲ့ကြောင့်အခုလို  NLD ကနေ မိုင်းရှူးမြို့မှာ တရားမျှတမှုမရှိနိုင်မယ့်နေရာမှာ ရွေးကောက်ပွဲ မကျင်းပဖို့ တောင်းဆိုတယ်ဆိုတာက တကယ်လို့အဲဒီနေရာမှာ လုံခြုံစိတ်ချမှုအမှန်တကယ်မရှိရင် NLD လုပ်ရပ်ကို ကျနော်တို့အနေနဲ့ ထောက်ခံရမှာပေါ့။


မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲအတွက် လူထုကို ဘယ်လိုပြောချင်ပါသလဲ။


ဖြေ။ ။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သျှမ်းပြည်သား မိဘပြည်သူတွေကို ကျနော်ပြောချင် တာ ကတော့ ဒီလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ကိုဘဲကြည့်ရမှာ မဟုတ်ပါဘူး။ ပါတီကိုပါကြည့်ရမှာဖြစ်ပါတယ်။ လူထုကိုအမှန်တကယ်အလုပ် အကျွေးပြုမယ့် ပါတီကိုဘဲရွေးချယ်တတ်ရမှာဖြစ်ပါတယ်။ တချို့ပါတီတွေက ရွေးကောက်ပွဲသာအနိုင်ရပြီး အမတ်ဖြစ်လာတာ။ လူထုကိုအလုပ်အကျွေးမပြုတတ်ဘူး။ ရွေးချယ်ရတာ အားကြီးရှုံးတယ်။ ၅ နှစ်လုံးလုံး။ လူထုအတွက်ဘာမှ အကျိုးအမြတ်မရှိဘူးလေ။  ကျနော် ကျားဖြူပါတီရဲ့ အမတ်တွေဟာ တော်ကြတယ်။ တတ်ကြတယ် ။ကျားဖြူပါတီကိုမဲပေးကြပါ။

ဟုတ်ကဲ့- ကျေးဇူးတင်ပါတယ်ရှင့်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates