ရွေးကောက်ပွဲ မနိုင်နိုင်သောကြောင့် လက်နက်ကိုင်များအား ဖိအားပေးသည်ဟု NLD စွပ်စွဲခြင်းဖြစ်ကြောင်း SSPP/SSA ပြော



NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် သျှမ်းပြည်အလယ်ပိုင်း မဲဆန္ဒနယ်များတွင် အနိုင်ရနိုင်ခြေ မရှိသဖြင့် လက်နက်ကိုင်များအနေဖြင့် မဲဆွယ်စည်းရုံးမှုကို ဖိအားပေးသည်ဟု စွပ်စွဲနေခြင်းဖြစ်သည်ဟု SSPP/SSA တာဝန်ရှိသူက ပြောဆိုသည်။

Photo: သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဆု
' ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲကို ဖျက်လို ဖျက်ဆီးလုပ်လိုခြင်း မရှိသလို ဘက်လိုက်လိုခြင်းလဲ မရှိဘူး။ ဒါကြောင့် ပါတီအားလုံး လွတ်လွတ်လပ်လပ် မဲဆွယ်နိုင်တယ်ဆိုပြီး ကြေငြာချက်ထုတ်ထားတယ်။ လက်နက် ကိုင်တွေမပါပဲ လွတ်လွတ်လပ်လပ် မဲဆွယ်နိုင်တယ် ရွေးကောက်ပွဲလုပ်နိုင်တယ်ပြောပြီးသားပဲ။ အခုက သျှမ်းတိုင်းရင်းသားနယ်မြေတွေမှာ မနိုင်နိုင်လို့ ရွေးကောက်ပွဲ မဲရုံတွေ ပယ်ဖျက်ဖို့ တင်ပြမှုဖြစ်တယ်လို့ မှတ်ချက်ပြုလိုတယ်။ ' ဟု သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဆုက သျှမ်းသံတော်ဆင့်သို့ မတ်လ ၂၂ ရက်နေ့တွင် ပြောသည်။


မိုင်းရှူးမဲဆန္ဒနယ်အတွင်းရှိ ကျေးရွာအုပ်စု အချို့မှ မဲရုံးများအား ရွေးကောက်ပွဲ ကျင်းပမှုမှ ပယ်ဖျက်ပေးရန် NLD ပါတီ ကိုယ်စားလှယ်လောင်းများမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြတောင်းဆို ထားခြင်းဖြစ်သည်။ တင်ပြမှုတွင် လက်နက်ကိုင်များမှ ကန့်သတ်မှုရှိနေသဖြင့်ဟု အကြောင်းပြထားသည်။


NLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးကျော်ခင်ကမူ ကန့်ကွက်ထားသည့် ကျေးရွာများဖြစ်သည့် ကွန်ကျောင်း ၊ မော်မယ့် စသည့် ကျေးရွာများတွင် လက်နက်ကိုင် အဖွဲ့ဝင်များမှ တားဆီးမှုများ ရှိခဲ့ပြီး SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ အလာခံသည်ဟု သျှမ်းသံ တော်ဆင့်သို့ ပြောဆိုထားသည်။ ၄င်းကိုယ်တိုင် မဲဆွယ်စည်းရုံးမှုများကို အားရသည်ဆိုထား သော်လည်း သျှမ်းတိုင်းရင်းသားများ အများစုနေထိုင်သည့် နယ်မြေများတွင် မဲဆွယ်ရာ၌ သျှမ်းစကားအသုံးပြုခြင်းမရှိပဲ သျှမ်းဘာသာဖြင့် ရေးသားထားသည့် လက်ကမ်းစာစောင်များကို အသုံးပြုကြောင်း ဆိုသည်။


"ကျနော်တို့ ၀မ်ဟိုင်းဌာနချုပ်မှာတောင် လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့်ပြုထားတာပဲ ၀မ်ဟိုင်းဌာနချုပ်မှာ မဲရုံ နှစ်ရုံ ပါခီးလမ်းခွဲမှာ မဲရုံ ၁ ရုံ ရှိတာပဲ အကုန်လုံးက ကျေးသီး မြို့နယ်ထဲမှာ ဘာအသံမှ မကြားရဘူး။ အခု မိုင်းရှူးကျမှပဲ။ ၂၀၁၀ တုန်းကလည်း ရွေးကောက်ပွဲကို ၀မ်ဟိုင်းဌာနချုပ်မှာ ပေးလုပ်ခဲ့ဖူးတယ်။ " ဟု ၀မ်ဟိုင်းဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးစိုင်းဆုက ပြောသည်။


တောင်ကြီးမြို့ခံ နိုင်ငံရေး လေ့လာသူဖြစ်သည့် ကိုမိုးကမူ " အခု မြင်တွေ့နေရတာ သျှမ်းပြည်အလယ်ပိုင်း အထူးသဖြင့် မိုင်းရှူးမှာ ပြိုင်တဲ့ NLD တွေအနေနဲ့ ဗမာရွှေ့ပြောင်းအချို့အဲဒီနယ်မြေမှာ ရှိပေမဲ့ အများစုက သျှမ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသဖြစ်တဲ့အတွက် ရွာတွေရောက်ရင် NLD ကိုယ်စားလှယ်တွေက သျှမ်းစကားမပြောတတ်တော့ အခက်တွေ့နေပုံပဲ။ သျှမ်းစကားမတတ် သျှမ်းစကားနဲ့ မဟောပြောရင် ဘယ်သူမှ ထွက်ကြည့်မှာ မဟုတ်ဘူး။ " ဟု သုံးသပ်သည်။


လတ်တလောကာလအတွင်းမှာပင် သျှမ်းတိုင်းရင်းသားပါတီဖြစ်သည့် ကျားခေါင်းပါတီ၏ ကျေးသီး ၊ မိုင်းနောင် ၊ မိုင်းရှူးမဲဆွယ် စည်းရုံးမှုများအတွင်း ဒေသခံ ပြည်သူများမှ သောင်းသောင်းဖျဖျ ပါဝင်မှုများရှိနေသည်။


ကျေးသီးမိုင်းရှူးမဲဆန္ဒနယ်များအရေးနှင့် ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မတ်လ ၂၂ နှင့် ၂၃ ရက်နေ့တို့တွင် မိုင်းရှူး ၊ ကျေးသီးမြို့နယ်များတွင် ဆွေးနွေးကြမည်ဖြစ်သည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates