မိုင်းရှူးရွေးကောက်ပွဲ NLD ကိုယ်စားလှယ် ဘယ်လိုမြင်သလဲ



မိုင်းရှူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ  ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် သျှမ်းပါတီကြီး ၂ ခုအပြင်  ပြည်မက ပါတီကြီးတွေဖြစ်တဲ့ NLD နဲ့ ပြည်ခိုင်ဖြိုးပါတီတို့လည်း ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အထူးသဖြင့် အာဏာရ NLD ဆိုရင် ပါတီရဲ့ ပြည်နယ်အဆင့် ဗဟိုအလုပ်အမှုဆောင် ဦးကျော်ခင်ကိုယ်တိုင် လာပြိုင်နေတာဖြစ်ပြီး ပြည်မက လာပြိုင်တဲ့ ပါတီနှစ်ခုစလုံးက လုံခြုံရေးအကြောင်းပြချက်နဲ့ ကျေးရွာအချို့က မဲရုံတွေကို ဖျက်သိမ်းပေးဖို့ တင်ပြထားပါတယ်။ NLD ပါတီကိုယ်စားလှယ်လောင်း ဦးကျော်ခင်ရဲ့ အမြင်ကို သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းအောင်ဆိုင်းက တွေ့ဆုံမေးမြန်း စုစည်းတင်ပြထားပါတယ်။

Photo: ပြည်နယ် အမှတ် (၁) မဲဆန္ဒနယ် NLD ကိုယ်စားလှယ်လောင်း ဦးကျော်ခင်
မေး။   ။ စည်းရုံးရေးဆင်းနေတာ ကြာပြီဆိုတော့ စည်းရုံးရေးအခြေနေ ဘယ်လိုရှိပါသလဲ။


ဖြေ။ ။ အားရ ကျေနပ်စရာကောင်းပါတယ်။


မေး။ ။ ဒေသခံတွေအနေနဲ့ စည်းရုံးရေးဆင်းတဲ့အခါ လှိုက်လှိုက်လှဲလှဲရှိကြပါသလား။


ဖြေ။ ။ သူတို့အနေနဲ့ ရွာချင်းဆက်လမ်း ၊ ဆေးရုံ ၊ ကျောင်း ၊ လျှပ်စစ်မီးရဖို့ ဆိုတဲ့ ကိစ္စတွေအဓိက တင်ပြတယ်။ သျှမ်းစကားနဲ့ ပြောဆို မဲဆွယ်တာ မဟုတ်ပေမဲ့ ကျနော်တို့ရွာတွေကို ရောက်ရင် သူတို့လာကြတာပဲ။ မူဝါဒကတော့ ပါတီရဲ့ မူဝါဒတွေကို ရှင်းလင်း ပြောပြရတာပေါ့လေ။ ဖွံ့ဖြိုးရေးအဓိက လုပ်မယ်လို့ ပြောတယ်။ ခြုံပြောရရင် NLD အခြေနေကောင်းနိုင်ပါတယ်။


မေး။ ။အခြေနေကောင်းနိုင်တယ်ဆိုတယ်။ ဘာကြောင့် NLD ပါတီကနေ မဲရုံအချို့ကို ပယ်ဖျက်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေရပါသလဲ။


ဖြေ။ ။ ဒါက ဒီလိုပါ။ ကျနော်ဝင်ပြိုင်မဲ့ အမှတ် (၁) မဲဆန္ဒနယ်ဘက်တော့ သွားရေးလာရေးခက်တဲ့ ဟိုပူဘက်က တောင်ပေါ်ရွာအချို့ကလွှဲလို့ ကျန်တဲ့နေရာတော်တော်များများရောက်ပြီးပြီ။ အခြေနေကောင်း တယ်လို့ ပြောလို့ရတယ်။ အဲဒီဘက်မှာက လားလမ်း ဆိုင်ကယ်လမ်းတွေပဲရှိတယ်။ မိုင်းရှူးတောင်ပေါ်မှာ ဆိုရင်လည်း ဗမာတွေများတယ်။ ကျနော်မဲရမယ်။ အမှတ် (၃) ရပ်ကွက်လောက်ပဲ ကျနော့်နယ်မြေထဲအားစိုက်ရနိုင်တယ်။ မိုင်းစံမြို့တို့ဆိုလည်း ကျနော့်နယ်မြေထဲပါပေမဲ့ အခြေနေကောင်းတယ်။ ကျနော်တို့က စည်းရုံးရေးဆင်းရင် တပ်တို့ ရဲတို့မလိုဘူး။ အဆက်သွယ်လည်း မရှိပါဘူး။ USDP က ကိုယ်စားလှယ်လောင်းက ကျနော့်နယ်မြေမှာ ပြိုင်မဲ့ ကိုယ်စားလှယ်က ဆုံးသွားတော့ အဓိက ပြိုင်ဘက်က SNLD ပါတီဖြစ်မယ်။ အခုဖြစ်တာက ပြည်နယ် (၂) ဘက်မှာဖြစ်တယ်။ ကွန်ကျောင်း ဆိုတဲ့ဘက်မှာ ကျနော်ကိုယ်တိုင် အဲဒီ ရွာမတိုင်ခင်နားက ရွာကို ရောက်ခဲ့တယ်။ ရှေ့ဆက်သွားလို့ မရခဲ့ဘူး။ ကျနော်တို့ ပါတီတွေနဲ့ ကော်မရှင် အစည်းအဝေးမှာ ဘာသဘောတူထားတာရှိသလဲဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေက ဖိအားပေးမဲထည့်ခိုင်းမယ်ဆိုရင် အဲဒီမဲတွေကို ရေတွက်မှာ မဟုတ်ဘူးဆိုတဲ့ သဘောတူညီချက်ရှိတယ်။ ကျနော်အဲဒီဘက်ကို ရောက်ခဲ့တော့ သူတို့က SNLD ပါတီကိုပဲ လက်ခံတယ်လို့ ဆိုတော့ အချက် ၂ ချက်လောက်နဲ့ ညှိစွန်းတယ်ပေါ့ဗျာ။


မေး။ ။ ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ကော ဘာတွေ အခက်တွေ့ရတာရှိသလဲ။


ဖြေ။ ။ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ကတော့ ကျနော့်မှာ အတွေ့အကြုံ အများကြီးရှိတော့ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကောင်းကောင်းနားလည်ပါတယ်။ ဒေသခံတွေကလည်း ကူညီကြတယ်။ သျှမ်းစကားနဲ့ ပြောဆိုစည်းရုံးတာ မရှိပေမဲ့ လက်ကမ်းစာစောင်တွေမှာတော့ သျှမ်းဘာသာနဲ့ ရေးသားထားတဲ့ စာစောင်တွေဝေတယ်။


မေး။ ။ မဲဆန္ဒရှင်တွေကို မီဒီယာက တဆင့်ဘာများ ပြောချင်ပါသလဲ။


ဖြေ။ ။ ဒေသခံဖွံ့ဖြို ရေးက မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်။ အခြေခံအဆောက်အုံတွေကောင်းမွန် အောင် လုပ်ပေးမယ်လို့ ကတိပေးလိုပါတယ်။


** NLD ပါတီအနေနဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဦးဝင်းနိုင်က ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်နယ်လွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်မှာတော့နန်းစင့်ခမ်းက ၀င်ရောက်ယှဉ်ပြိုင်မှာပါ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates