ဘူတန်နိုင်ငံ နိုင်ငံတကာ အမျိုးသမီးများအစည်းအဝေးသို့ SNLD ပါတီကိုယ်စားလှယ် တက်ရောက်



ဘူတန်နိုင်ငံတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အစည်းအဝေးသို့ SNLD ပါတီကိုယ်စားလှယ် ဒေါက်တာစိုင်းနော်ခေး တက်ရောက်ကာ လေ့လာခဲ့ကြောင်းသိရသည်။


မတ်လ ၈ ရက်မှ ၁၀ ရက်နေ့အထိ ဘူတန်နိုငံ ထင်ဖူးမြို့ Terma Linca Resort & Spa တွင်  Danish Institute for Parties and Democracy – DIPD မှဦးဆောင်ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ တက်ရောက်သူ ၁၅၀ ခန့်ရှိရာ မြန်မာနိုင်ငံမှကိုယ်စားလှယ် ၁၀ ဦးပါဝင်ကြောင်း၊ ထိုအထဲတွင် ကျားခေါင်းပါတီမှကိုယ်စားလှယ်တဦးပါဝင်ကြောင်း ဆိုပါသည်။


အမျိုးသမီးရေးရာ၊ နိုင်ငံရေးမှာအမျိုးသမီးများပါဝင်မှုနှုန်း၊ အုပ်ချုပ်ရေးမှာ အမျိုးသမီးတွေ ဘယ်လောက် ပါဝင်သင့်တယ်။ ဦးဆောင်မှုအပိုင်း ဆုံးဖြတ်မှုအပိုင်း၊ ဆုံးဖြတ်ချက်နဲ့ အစီအစဉ်ချမှတ်စီစဉ်မှုအပိုင်း စတာတွေကိုဆွေးနွေးတယ်။ ကျနော်တို့ သျှမ်းပြည်အမျိုးသမီးတွေကိုပြန်လည်ဝေငှပြီး ဖွံ့ဖြိုးတိုးတက် ရေးအတွက်ပူးပေါင်းလုပ်ဆောင်ဖို့အတွက်ကောင်းပါတယ်။ - ဟု ဆိုပါသည်။


ဒီမိုကရေစီမဖြစ်သေးသည့် နိုင်ငံများမှအမျိုးသမီးများတန်းတူညီမျှမှု အခွင့်အရေး ရရှိလာနိုင်ရေးအတွက် အထူးကောင်း မွန်သည့်ဆွေးနွေးပွဲတရပ်ဖြစ်ကြောင်း ဒေါက်တာစိုင်းနော်ခေးကပြောဆိုပါသည်။


အဆိုပါနိုင်ငံတကာ အမျိုးသမီးများဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်က နေပြည်တော်တွင် ပထမအကြိမ် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်မှာ နီပေါနိုင်ငံတွင်ပြုလုပ်ခဲ့သည်။ ယခုတကြိမ်မှာ တတိယအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောင်နှစ်များတွင်လည်းဆက်လက်ကျင်းပသွားမည်ဖြစ်သည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates