စစ်ရေးတင်းမာလှုပ်ရှားမှုများကြား သီပေါမြို့ သမိုင်းဝင်ဘော်ကြိုဘုရားပွဲ ယခင်နှစ်များထက် စည်ကား
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း စစ်ရေးတင်းမာမှု ရှိနေ သော်လည်း ကျပ်သိန်းပေါင်း ရာဂဏန်းများစွာ ကံစမ်းမဲဖေါက်ကာ ဘော်ကြိုဘုရား တပေါင်းပွဲတော်အား ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာကျင်းပနေသည်ဟု သိရသည်။
ဘော်ကြိုဓါတ်တော်ဘုရားပွဲတော်ကို မတ်လ ရ ရက်နေ့တွင်စတင်ကျင်းပခဲ့ပြီး လာမည့် တနင်္လာနေ့ မတ်လ ၁၃ ရက်နေ့တွင် ပွဲတော်ပြီးဆုံးမည်ဖြစ်ကြောင်း ပွဲတော်သို့ရောက်လာသည့် ဘုရားဖူးဧည့်သည် များ ယခင်နှစ်များထက် ပိုမိုစည်းကားလျှက်ရှိကြောင်း ဘော်ကြိုဘုရားဂေါပက လုံးဆန်စိုင်းက ပြောသည်။
RCSS/SSA နဲ့ အစိုးရ တပ်မတော်တို့ ကြား တိုက်ပွဲဖြစ်တာက ကျနော်တို့ဘုရားပွဲကျင်းပတဲ့ နေရာရဲ့ မြောက်ဘက် ရ မိုင်လောက်အကွာမှာဘဲတယ်။ စစ်ကြောင်းလှုပ်ရှားမှုတွေလဲရှိနေသေးတယ်။ အထူး သဖြင့်တော့ ဒီအနီးအနားမှာ လာမလှုပ်ရှားဖို့ အနူးအညွတ်မေတ္တာ ရပ်ခံပါတယ်။ အခု အထိတော့ ပွဲက အရင်နှစ်တွေကထက်တောင်ပိုစည်သေးတယ် - ဟု ပြောဆိုသည်။
မတ်လ ရ ရက် ပွဲစကျင်းပသည့်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အခြေချသည့် စခန်းဖြစ်သည့် သီပေါမြို့မြောက်ဘက် အုံမုအုပ်စုအတွင်းရှိ မုံစုတောင်ဘက်သို့ အစိုးရတပ်မတော် ပစ်ခတ်တိုက်ခိုက်သောကြောင့် နှစ်ဘက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးကြောင်း၊ ယနေ့ နှစ်ဘက် တပ်အကြားတိုက်ပွဲ ထပ်မံဖြစ်ပွားခြင်းမရှိသော်လည်း ပလောင်တပ်၊ အစိုးရတပ်၊ သျှမ်းတပ် များ သွားလာ လှုပ်ရှား မှုများ ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။
ယခုနှစ် ဘော်ကြိုဘုရား တပေါင်းလပြည့်ပွဲတော်တွင် ကံစမ်းမဲပါ ရောင်းချပေးရာ ကံစမ်းမဲပထမဆုမှာ AD-VAN Nissan အမျိုးအစားအဖြစ်လည်းကောင်း တခြားဆုများမှာ ဟွန်ဒါ ခွေးဘီလူးကား၊ ထော်လာဂျီ တို့အပြင်ရေ ခဲသေတာ၊ ပန်ကာ၊ လျှပ်စစ်ထမင်းအိုးနှင့် လျှပ်စစ်ဒယ်အိုး အခြား ဆုပစ္စည်းမြောက်များစွာ ရှိကြောင်းသိရသည်။
Tags: Culture, News



