ရွှေလီမြစ်ကူးတို့ဆိပ် မြို့မပြည်သူ့စစ်အခွန်ကောက်ခံမည့်အပေါ် မူစယ်ရွာခံများ ဆန့်ကျင်ကန့်ကွက်
မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ကနေ နောင်ခိုရွာ ရွှေလီမြစ်ကူးတို့ဆိပ်ကို ထိန်းချုပ် အခွန်ကောက်ခံမယ့်အပေါ် နောင်ခိုရွာ ဒေသခံလူထု ၃၀၀ က ဆန့်ကျင် ကန့်ကွက် သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်မှာ နောင်ခိုရွာ ရွှေလီမြစ်ကူးတို့ဆိပ်ကို မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ ကနေ လာပြီးအခွန်ကောက်ခံမယ့်အပေါ် နေ့စဉ်ဖြတ်သန်းသွားလာမယ့် ဒေသခံလူထု ၃၀၀ က ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။
မူစယ်မြို့ စည်ပင်ဆီကနေ အခွန်ကောက်ခံဖို့ လေလံဆွဲရင်း အနိုင်ရလို့ မြို့မပြည်သူ့စစ်လက်ထဲ ကျသွားတဲ့ အဲဒီကူးတို့ဆိပ်ကနေ ဖြတ်သန်းသွားလာမှုခေတ္တရပ်နားဖို့ ဒေသခံရွာသားတွေကို ဧပြီလ ၁၈ ရက်နေ့ညနေပိုင်းမှာ ပြည်သူ့စစ်က တားမြစ်ခဲ့တဲ့အပေါ် ရွာသားတွေ မကျေနပ်တာလည်းပါလို့ ဆန္ဒပြခဲ့တာလို့ နောင်ခိုရွာသား စိုင်းဆွယ်ကပြောပါတယ်။
“ ဧပြီလ ၁၇ ရက်နေ့ကတည်းက ပြည်သူ့စစ်တပ်ဖွဲ့က လာထိုင်တယ်။ ၁၈ ရက်နေ့ခင်းပိုင်း လောက် တော့ ရွာသားတွေကို သွားပြီးတားတယ်။ သွားလာမှုမပြုဖို့ပေါ့။ အဲတာကိုလဲ ရွာသားတွေ မကျေနပ် ဘူး။ နောက်ပြီး ဖြတ်သန်းသွားလာမှု အခွန်ကောက်တာကို ဈေးလျှော့ပေးဖို့ ဧပြီလ ၄ ရက်နေ့တုန်းက လူထုကသွားပြီး တောင်းဆိုတာကို ပြည်သူ့စစ်က လေလံဈေးကြီးလို့ ဈေးလျှော့မပေးနိုင်ဘူးလို့ ပြောတယ်။ အဲတာလဲပါတယ်ပေါ့” - စိုင်းဆွယ်ကပြောပါတယ်။
အစဉ်အလာအရ ဒေသတွင်းလူထုကဘဲ လေလံဆွဲပြီး တာဝန်ယူထိန်းချုပ်လာတဲ့ အဲဒီကူးတို့ဆိပ်ဟာ မူစယ်မြို့နဲ့ နမ့်ခမ်းကို သွားလာဆက်သွယ်ကုန်ကူးတဲ့နေရာလဲဖြစ်သလို နောင်ခိုရွာသားတွေအတွက် ရေလယ်ကျွန်းမှာ လယ်ယာလုပ်ငန်းသွားလုပ်ဖို့လည်းအဓိကကျတဲ့ ကူးတို့ဆိပ်တခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်ကစပြီး ပြည်သူ့စစ်တပ်ဖွဲ့ကနေ အခွန်အထုပ်တွေ ကောက်ယူဖို့ အဲဒီကူးတို့ဆိပ်မှာ သွားရောက်နေရာယူထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
အရင်က ဒေသတွင်းသာမာန်လူထုက စောင့်ဆိုင်းတာဝန်ယူတုန်းကတော့ လေလံဝယ်ယူမှုလည်း ဈေးမကြီးသလို ဖြတ်သန်းသွားလာသူတွေဆီကကောက်ယူရာမှာလည်း ဈေးမကြီးဘူးလို့ ဆိုပါတယ်။
“အရင်တုန်းကတော့ ကျနော်တို့ ရွာသားတွေ တခြားဒေသကိုသာရေးနာရေးသွားလာတဲ့အခါ၊ ရေလယ် ကျွန်းတွေမှာ အလုပ်သွားလုပ်တဲ့အခါ ကူးတို့အသုံးပြုခ မပေးရဘူး။ နောင်ခိုရဲ့တောင်ရွာ မြောက်ရွာ ကနေ တခြားကို သွားမယ်ဆိုရင် လူတယောက်ကို ကျပ် ၂၀၀ ကနေ ၃၀၀ အထိပေးရတယ်။ ဆိုင်ကယ် ဆိုရင် ကျပ် ၁၀၀၀။ ကားတွေဘာတွေဆိုရင် ၅၀၀၀ လောက်ပေးရတယ်။ အခုတော့ ဈေးတက်မယ်လို့ ကြားထားတယ်။ ပြီးတော့ ပြည်သူ့စစ်လက်ထဲကျသွားရင် လူထုသွားလာဖို့ ခက်ခဲမယ်လေ။ အဲ့ကြောင့် ဒေသခံလူထု လက်ထဲဘဲ ပြန်လွဲပေးစေချင်တာ။” - လို့ ရွာသားစိုင်းနွံကလည်း ပြောပါတယ်။
နောင်ခိုကူးတို့ဆိပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်ကတည်းက ဒေသခံလူထုတွေကနေ တည်ဆောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက လေလံဆွဲပြီး အခွန်ကောက်လာခဲ့တဲ့ ဒေသတွင်းကူးတို့ဆိပ်ဖြစ်ပါတယ်။ လေလံစဆွဲတုန်းကတော့ ၃ သိန်းဘဲရှိပြီး လွန်ခဲ့တဲ့နှစ်က ၂၈ သိန်းရှိကာ တဖြည်းဖြည်း မြင့်တက်လာရာက ယခုနှစ်မှာ ကျပ် ၉၅ သိန်းနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကနေ လေလံရသွားတယ်လို့လည်း သိရပါတယ်။
Tags: General, News


