မိုင်းကိုင်ကျောက်မီးသွေးတူးဖော်မှုကို သံဃာတော်နဲ့ပြည်သူ ဆုတောင်းကျိန်စာတိုက်



သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ သံဃာတော်နဲ့ပြည်သူ ထောင်ကျော်စုပေါင်းကာ မြို့ရွာစောင့်နတ်အား တိုင်တည်ဆုတောင်းပြီး ကျောက်မီးသွေးလာရောက်တူးဖော်သူများအား ကန့်ကွက်ကျိန်စာတိုက်သည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

သံဃာတော်နှင့်ပြည်သူ့ ချီတက်ဆန္ဒပြနေပုံ Photo : Hking Noom 
“ကုမ္ပဏီတွေက ကျောက်မီးသွေးလာတူးရင် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်တွေ ပျက်စီးမှာ စိုးရိမ်လို့။ ပြည်သူတွေ အသက်မွေးဝမ်းကျောင်းအတွက် အားထားရတဲ့ လယ်ယာတွေ ပျက်စီးမှာ စိုးရိမ်လို့။ ပြည်သူတွေ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့မှာစိုးလို့။ ဒါကြောင့် ဒီဆုတောင်းပွဲနဲ့ ဆန့်ကျင်ကျိန်စာတိုက်ပွဲကို ကျင်းပရတာပါ” ဟု လှုပ်ရှားမှုမှာ ပါဝင်သည့် လွိုင်လိုင်ဆရာတော် အရှင်အဂ္ဂဇိနက ပြောပါသည်။


အဆိုပါလှုပ်ရှားမှုကို မိုင်းကိုင်မြို့ ဝမ့်ယတ်-ခမ်းနားကျေးရွာအုပ်စု လွိုင်သျှိုရွာနတ်နန်းတွင် ဧပြီလ ၁၁ ရက် မနက် ၉ နာရီတွင် ကျင်းပပြုလုပ်ပြီး ကျောက်မီးသွေးတူးဖော်သည့်နေရာသို့ ချီတက်ဆန္ဒပြခဲ့ကြ သည်။


မိုင်းကိုင်မှာ ကျောက်မီးသွေးလာရောက်တူးဖော်သူတွေ ဘေးအန္တရာယ်ကျရောက်ပါစေ၊ လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးပါစေ၊ လယ်ယာမြေအတွက် အားထားရတဲ့ ရေထွက်ကို လာရောက်ဖျက်ဆီးသည့် ကျောက်မီးသွေးတူးဖော်တဲ့သူတွေ သေကြေပျက်စီးပါစေ၊ ဆင်းရဲနွမ်းပါးသည့်ဘေးနှင့်ကြုံတွေ့ပါစေဟု တိုင်တည်ကာ ကျိန်စာတိုက်ခဲ့ကြသည်။


မိုင်းကိုင်ကျောက်မီးသွေးတူးဖော်မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိန်းက ပြည်သူနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ပြည်သူ့ဆန္ဒအရ ဖေဖော်ဝါရီ ၂၆ ရက်နေ့ လွှတ်တော် အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။ သို့သော် သက်ဆိုင်ရာဝန်ကြီးက ပြန်လည် ဖြေဆိုခြင်းမရှိသေးဘဲ လာမည့်လွှတ်တော်အစည်းအဝေး၌ ဖြေဆိုလိမ့်မည်ဟု မျှော်လင့်ကြောင်း စိုင်းဆိုင်မိန်းက ပြောပါသည်။


“ဒီလိုသတ္တုတူးဖော်တာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှာ အမှန်ပဲ။ ဒါကြောင့် ကျနော့အနေ နဲ့လည်း သဘောမကျဘူး။ ကျနော်တို့က ပြည်သူ့ကိုယ်စားလှယ်ဖြစ်တာကြောင့် ပြည်သူ့ဘက်က ရပ်တည်ရမယ်။ ပြည်သူ့အသံကို ကိုယ်စားပြုပေးရမယ်။ အခုဆို သံဃာတော်နဲ့ ပြည်သူတွေ ပြင်းပြင်း ထန်ထန် ကန့်ကွက်နေပြီ။ အဖက်ဖက်ကို တိုက်တွန်းချင်တာကတော့ ပြည်သူတွေ မကြိုက်တာ၊ ပြည်သူ တွေ စိုးရိမ်ပူပန်နေတဲ့ဟာတွေကို စဉ်းစားပေးစေချင်တယ်။ ဒါကြောင့် ပြည်သူ့ကို ကိုယ်စားပြုပြီး ဒီကျောက်မီးသွေးတူးဖော်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်။”


ပြည့်အောင်ဟိန်းကုမ္ပဏီနှင့် ဟိန်းမေတ္တာကုမ္ပဏီတို့က ၀မ့်ယတ်-ခမ်းနား ကျေးရွာအုပ်စု ဝမ့်လွယ်သျှိုရွာတွင် ဧက ၁၀၀၀ ကျောက်မီးသွေးတူးဖော်ရန် အစိုးရထံမှ ၂၀၁၄ ခုနှစ်က ပါမစ်ထား သည်။ စမ်းသပ်တူးဖော်သည့်အချိန် ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသဖြင့် ရပ်နားခဲ့ရသည်။ ၂၀၁၇ ခုနှစ်ဆန်းပိုင်းမှစပြီး စီမံကိန်းပြန်လည်စတင်လာခြင်း ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates