ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှု မရှိခင် အီးယူမှ မြန်မာနှင့် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ် ချုပ်ဆိုရန် ပြင်ဆင်နေမှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများ ကန့်ကွက်



တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ တိုးတက်မှု မရှိ ဖြစ်နေစဉ်တွင် အီးယူ ဥရောပ သမဂ္ဂမှ ပွင့်လင်းမြင်သာမှု မရှိပဲ မြန်မာအစိုးရနှင့် ရင်းနှီးမြှုပ်နှံမှု အကာကွယ်ပေးရေး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေမှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများမှ စုပေါင်းကန့်ကွက်ကြကြောင်း သိရသည်။


ဧပြီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အီးယူ မြန်မာ ရင်းနှီးမြှုပ်နှံမှု အကာကွယ်ပေးရေး သဘောတူ စာချုပ်နှင့် ပတ်သက်ပြီး အကျဉ်းချုပ် ပြောကြားသည့် အခမ်းအနားကို ကျင်းပခဲ့ရာ ပတ်ဝန်းကျင် နှင့် လူမှုရေးရာ လှုပ်ရှားမှု ကွန်ယက် ၊ ဒို့မြေကွန်ယက် ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA တို့သည် အခမ်းအနား တက်ရောက်ရန် ငြင်းဆန်ခဲ့သည်။


“ကျနော်တို့အနေနဲ့ ယခုလက်ရှိ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ချိန်ထိုးပြီး စဉ်းစားလိုက်ရင် ဒီအချိန်က ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးတဲ့ သဘောတူညီချက်စာချုပ်တွေ ချုပ်ဖို့သင့်လျော်တဲ့ အချိန်မဟုတ် ဘူးလို့ ခဏခဏ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီထွန်းကားအောင် ဆောင်ရွက်နေရဆဲ ဖြစ်တယ်။ ပြီးတော့ ငြိမ်းချမ်းရေး ကြိုးစားတည်ဆောက်နေရဆဲလည်း ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့် အရေးတွေ၊ သဘော ဆန္ဒတွေကို အာမခံချက်ပေးနိုင်တဲ့ ငြိမ်းချမ်းပြီး ခိုင်မြဲတည်တံ့တဲ့ နိုင်ငံဖြစ် ဖို့ဆိုရင် မူဝါဒချမှတ်တာတွေ ပြင်ဆင်တာတွေ အများကြီးလုပ်ရဦးမှာ ဖြစ်တယ်။ ဒီလိုရင်းနှီးမြှုပ်နှံသူတွေကို အကာ အကွယ်ပေးတဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးလိုက်ခြင်းအားဖြင့် လက်ရှိလုပ်နေတဲ့ပြုပြင်ပြောင်းလဲ ရေးဖြစ် စဉ်တွေကို အကျပ်ရိုက် စေနိုင်တယ်။ ရပ်တန့်သွားစေနိုင်ပါတယ်”  ဟု ပေါင်းကူးအဖွဲ့မှ ဒေါက်တာ ကျော်သူ က ပြောသည်။


၂၀၁၄ တွင် European Ombudsman ခေါ် ဥရောပ သမဂ္ဂအောက်ရှိ ဌာနများ၊ အဖွဲ့အစည်းများ နှင့် ပတ်သက်၍ တိုင်ကြားလျှင် စုံစမ်းစစ်ဆေးရန်တာဝန်ရှိသည့် အရာရှိမှ ဥရောပသမဂ္ဂ ကော်မရှင် နှင့် ကောင်စီအား အတ္တလန်တိတ် ဝန်းကျင်နိုင်ငံများ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက် သဘောတူညီမှု (TTIP) ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် တရားဝင်စုံစမ်း စစ်ဆေးခြင်း ပြုလုပ်ခဲ့ပြီး ကနေဒါ၊ မက္ကစီကို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစသည့် နိုင်ငံ များ နှင့် ညှိနှိုင်း ဆွေးနွေးသည့်ဖြစ်စဉ်မှာ တိုးတက်မှု ရှိခဲ့သော်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ အလွန်လျှို့ဝှက်စွာ လုပ်ဆောင်သွားသည်ကို တွေ့ရပါသည်။ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမည့်ရက်အား ကြိုတင်အသိမပေးခြင်း၊ ဥရောပသမဂ္ဂ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ဖော်ပြချက်များကိုလည်း လူထုအားအသိမပေးခြင်း၊ နောက်ဆုံးဆွေးနွေးသည့် ညှိနှိုင်းအစည်းအဝေး၏ ရလဒ်မှ လွဲ၍ ယခင် ဆွေးနွေးမှုများ၏ ရလဒ်များကို ပွင့်လင်းမြင်သာစွာ အစီရင်ခံမှုမရှိခြင်း စသည်တို့ကို တွေ့ရသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဖိလစ်ပိုင်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးခြင်းအား လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေသော ကြောင့်  ရပ် ထားသော်လည်း မြန်မာနိုင်ငံတွင် သျှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွင် လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေး သော်လည်း ဥရောပ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် သဘောတူ လက်မှတ်ထိုးရန်အတွက်မူ ဆက်လက် သွားနေသည်။


အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ယခု ၅ ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြု လုပ်မည့်အစီ အစဉ် ကို Politico မဂ္ဂဇင်းတွင် ဥရောပ သမဂ္ဂ မီဒီယာပြောရေးဆိုခွင့်ရှိသူမှ အနည်းငယ်ထည့် ဆွေးနွေးသွားသည်မှ တစ်ဆင့်သာ ဦးစွာသိခဲ့ရပါသလို အရပ်ဘက်အဖွဲ့အစည်းများမှ ဥရောပသမဂ္ဂကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒါဆိုင်ရာဌာန၏ ဦးဆောင်သူ Mr. Carlo Pettinato အား ညှိနှိုင်းမှုဖြစ်စဉ် ပွင့်လင်းမြင်သာမှု မရှိသည် ကို စိုးရိမ်ကြောင်း ဖော်ပြထားသည့်စာကို ပို့ခဲ့သော်လည်း ယနေ့အထိ ပြန်စာမရသေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


“ကျနော်တို့ မြင်တာကတော့ အခုလုပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှု ကာကွယ်ပေးတဲ့ သဘောတူညီချက် စာချုပ် ညှိနှိုင်းဆွေးနွေးပွဲတွေက ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိတာကို တွေ့ရတယ်။ ဒါတွေ မရှိတော့ ကျနော်တို့အနေနဲ့လည်း အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ အတားအဆီးဖြစ်စေတယ်လို့ မြင်တယ်” ဟု စောအလဲက်စ်  KESAN အဖွဲ့ကလည်း ပြောသည်။


ထို့အပြင် မြန်မာအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ယခုဖိတ်ကြားမှုမှာ အလွန်အချိန်ကပ်၍ အကြောင်းကြား သည်ဟုယူဆကြောင်းလည်း ရေးသားထားပြီး ၀င်ရောက်ဆွေးနွေးရန် အချိန်လိုအပ်သဖြင့် တက်သုတ်ရိုက် ဆွေးနွေးမှုမှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ဆိုကြသည်။


“ရင်းနှီးမြှုပ်နှံမှုသဘောတူညီမှု စာချုပ်မှာပါတဲ့ စာသား၊ စာပိုဒ်တွေက နည်းပညာ အလွန်ဆန်တယ်။ ဒါကြောင့် ကျနော်တို့ကို ကြိုတင်လေ့လာနိုင်ပြီး သက်ဆိုင်ရာပညာရှင်များနဲ့ ဆွေးနွေးလို့ရအောင် မပို့ထားရင် ကျနော်တို့အနေနဲ့ အခုလိုအစည်းအဝေးမှာ အဓိပ္ပါယ်ရှိရှိ ဝင်ဆွေးနွေးနိုင်ဖို့ ခက်ခဲပါတယ်။” ဟု ကိုစည်သူ ဒို့မြေကွန်ယက်က ပြောသည်။


ပဋိပက္ခဖြစ်ပွားရာဒေသများအပါဝင် နိုင်ငံတဝှမ်းမြေယာ အသုံးချမှု မူဝါဒများ ၊ ဒေသခံ တိုင်းရင်းသားများအားအ ကာကွယ်ပေးရှေးဥပဒေများ ပီပီပြင်ပြင်မရှိသေးမှီ ရင်းနှီးမြှပ်နှံမှုများ ကို ပွင့်လင်းမြင်သာမှု မရှိပဲ ပြုလုပ်ပါက တိုင်းရင်းသားများအနေဖြင့် မြေယာဆုံးရှုံးမှု ၊ ဒေသခံ အခွင့်အရေးဆုံးရှုံးမှု ၊အပါဝင် ဆုံးရှုံးမှုများကြုံတွေ့ရန်  သေချာသလောက် ဖြစ်နေမည်ဟု သုံးသပ်မှုများလည်း ရှိသည်။


အရပ်ဘက်အဖွဲ့အစည်းများက


၁) ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံကြားညှိနှိုင်းထားသော ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူစာချုပ်ကြမ်း အား ပြည်သူများကိုချပြရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများနားလည်နိုင်ရန်အတွက် မြန်မာဘာသာ ပြန်ပေးရန်။

၂) ပြည်သူအားလုံး၏ စိုးရိမ်မှုများကို နားထောင်ပြီး ထည့်သွင်းစဉ်းစားပေးနိုင်သည့် အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးပွဲများ ပြုလုပ်ရန်။

၃) အစိုးရအနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားကာကွယ်နိုင်၍ တာဝန်ခံမှုရှိစေရန် ယခင်တောင်းဆိုခဲ့သော လူ့အခွင့်အရေးအပေါ် အကျိုးသက်ရောက်မှုဆိုင်ရာ ဆန်းစစ်ချက်ပြုလုပ်ရန်။

၎) နှစ်ဘက်ညှိနှိုင်းမှုဖြစ်စဉ်အား ပွင့်လင်းမြင်သာစွာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအားကောင်းစွာပြုလုပ်ရန်။

၅) ညှိနှိုင်းမှုဖြစ်စဉ်အား ဥရောပ သမဂ္ဂမှ ကျယ်ကျယ်ပြန့်ပြန့်ပံ့ပိုးပေးနေသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး တည်ဆောက်သည့်ဖြစ်စဉ်တွင် သိသာသော တိုးတက်မှု မရှိမခြင်း ရပ်တန့်ထားရန်။

တောင်းဆိုကြောင်းလည်း ဧပြီ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates