အခု ရွေးကောက်ပွဲ ရှုံးပေမယ့်လည်း နောက်တစ်ခါ အနိုင်ရမှာပါ….. (သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ဥက္ကဌစိုင်းအိုက်ပေါင်းနှင့်ဆက်သွယ်မေးမြန်းချက်)



လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိတဲ့ သျှမ်းပြည်မှာ လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြောက်ဖို့အတွက် ဧပြီလ ၁ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။  မိုင်းရှူးမြို့မှာ ၃ နေရာ ကျေးသီးမြို့မှာ ၃ နေရာနဲ့ ကျိုင်းတုံမြို့မှာ ၁ နေရာ အတွက် သျှမ်းပါတီကြီး ၂ ခုဖြစ်တဲ့ SNLD နဲ့ SNDP တို့အပြင် ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ (ညောင်ရွှေမြို့နယ်က ပြည်နယ် ၂ တနေရာမှာတော့ သျှမ်းပါတီကြီး ၂ ခု ၀င်မပြိုင်ပါဘူး။) ကြားဖြတ်ရွေးကောက်ပွဲမှာ တနေရာမှအနိုင်မရတဲ့ ကျားဖြူပါတီအနေနဲ့ ဘယ်လိုထင်မြင်ယူဆပါသလဲ။ ဘယ်လိုခံစားရပါသလဲ။  လာမယ့်ရွေးကောက်ပွဲမှာကော် ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိပါသလား။ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ဥက္ကဌစိုင်းအိုက်ပေါင်းကို သျှမ်းသံတော်ဆင့်က နန်းဆိုင်ဖူးက ဆက်သွယ်မေးမြန်းထားပါတယ်။


မေး - ကျားဖြူပါတီ အနေနဲ့ အခု ကျင်းပပြုလုပ်သွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျေနပ်မှုရှိပါသလား။


ဖြေ - ဘယ်လိုလုပ် စိတ်ကျေနပ်မှု ရမလဲ  ကျနော်တို့ မှ မနိုင်တာ ။


မေး -  မိုင်းရှူး၊ ကျေးသီး ဘက်က ဘာကြောင့် ကျားဖြူ  အနိုင်မရတာလဲ။


ဖြေ - ကျေးသီး နဲ့ မိုင်းရှူး က SSPP/SSA တွေရဲ့ နယ်မြေဧရိယာတွေ ။ SSPP/SSA ၊ ကျားခေါင်းပါတီ၊ စိန့်ကျော့ပြည်သူစစ်  သူတို့တွေက SSJAC   အဖွဲ့ဝင် မဟာမိတ်တွေ ။  ဒါကြောင့် ကိုယ့်မဟာမိတ်  ကို အနိုင်ရအောင် ကူညီတာတော့ သဘာဝကျတာဘဲ ။ ကျနော်တို့ ကျနော့် လာကူညီမယ့် မဟာမိတ် မရှိဘူး  ။ ဒီတစ်ချက်ရယ်၊ နောက်တစ်ချက်က  ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ကျနော်တို့ ပါတီ အနိုင်ရတယ် ၊  ပြည်သူတွေအတွက် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်က  အလုပ်သိပ်မလုပ်တဲ့ အပိုင်းတွေလည်း ပါတယ်၊ ဒါကြောင့် ပြည်သူတွေလည်း စိတ်ကျေနပ်မှု သိပ်မရလို့ ပါ။


မေး -  သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံဘက်က ဘာကြောင့် သျှမ်းပါတီ နှစ် ပါတီစလုံး အနိုင်မရတာလဲ။


ဖြေ - ကျိုင်းတုံဘက်က နဲနဲ အခက်အခဲရှိတယ် ။ ဘယ်လိုလဲဆိုတော့  အာခါ၊ လားဟူ၊ ဗမာ  တွေ သူတို့ အားလုံးပေါင်းလိုက်ရင် သျှမ်းလူမျိုးတွေထက်  လူဦးရေ ပိုများတယ် ၊ဒါဟာ  ကျိုင်းတုံက သျှမ်းတိုင်းရင်းသားတွေမက သျှမ်းတိုင်းရင်းသား အားလုံးအတွက်  သတိပေး ခေါင်းလောင်းတီးလိုက်သလိုမျိုးဘဲ ၊ ဒီလို ပုံစံ နဲ့ သွားနေရင် ကျိုင်းတုံ မှာ သျှမ်းပါတီတွေ အနိုင်မရနိုင်ဘူး၊ လားရှိုး ၊တောင်ကြီး  တွေလည်း  အတူတူဘဲ ။ သျှမ်းပါတီ တွေ  အနိုင်မရနိုင်ဘူး ၊ဘာကြောင့်လည်းဆိုတော့ သျှမ်းလူမျိုး  နည်းတယ်၊ တောင်ကြီး ဆိုရင်  လူဦးရေ သန်းခေါင်စာရင်း သုံးသိန်းခြောက်သောင်း(၃၆၀၀၀၀) ရှိတယ် ။အဲ့ထဲမှာ သျှမ်းလူမျိုး  သုံးသောင်းတောင်မရှိဘူး ၊ကျိုင်းတုံ ဘက်က သိန်းခြောက်သောင်းလောက်ရှိတယ် ။  အဲ့ထဲမှာ သျှမ်းလူမျိုး  ခြောက်သောင်းကျော် ဘဲရှိတယ် ။ ဒါတောင် သျှမ်းတွေက ကွဲထားသေးတယ် ။ဘယ်လိုလုပ်  အနိုင်ရနိုင်မလဲ၊ လ ဝ က တွေ နားတောင်းကြည့် ။ အာခါ၊ လားဟူ နဲ့ ဗမာတွေ ပေါင်းလိုက်ရင်  သျှမ်းလူမျိုးထက်များတယ်၊ သျှမ်းပြည်က ဒီလိုတွေ အခက်ခဲဖြစ်တယ်၊ မြို့ကြီးတွေ ဖြစ်တဲ့ တောင်ကြီး၊ လားရှိုး ၊ ကျိုင်းတုံ တွေ နဲနဲ ခက်ခဲလာပြီ၊ တောင်ကြီး နဲ့ လားရှိုး  က ပိုတောင် ခက်ခဲသေးတယ် ။


မေး - ၂၀၂၀ ရွေးကောက်ပွဲ ကျရင် နောက်ထပ် ဝင်ရောက်ယှဉ် ပြိုင်ဦးမလား ။


ဖြေ - ဝင်ပြိုင်မှာပေါ့၊ အခု ရွေးကောက်ပွဲ ရှုံးပေမယ့်လည်း နောက်တစ်ခါ အနိုင်ရမှာပါ၊ NLD ပါတီ တောင်မှ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ၈၀% လောက် အနိုင်ရတယ်၊အခု  ၅၀ % တောင် သူတို့ မနိုင်ဘူး ၊ ပြည်သူတွေက အမြဲတမ်း ပြောင်းချင်တယ် ဒါက သဘာဝ ဘဲ ၊ ပြည်သူတွေရဲ့ စိတ် က  သူတို့ စိတ်တိုင်းကျ ဖြစ်မလာရင်  အစိုးရကို အမြဲတမ်း ပြောင်းချင်မှာဘဲ ။


မေး - CSSU က ဥက္ကဌ ကမ်းလှမ်းလာတာ ရှိလား၊ လက်ခံ ရရှိလား။


ဖြေ - ကမ်းလှမ်းလာတာ မရှိသေးဘူး၊ အခုချိန်က ကြားဖြတ်ရွေးကောက်ပွဲ နဲ့ သင်္ကြန် ကာလ မလို့ထင်တယ် သူတို့ မကမ်းလှမ်း လာသေးတာ။


မေး - CSSU  ဥက္ကဌ  လုပ်ဖို့ ကမ်းလှမ်းလာရင် တာဝန်ယူ လုပ်ဆောင်မလား။


ဖြေ -  တာဝန်ယူ လုပ်မှာပေါ့ ။ ဒီတစ်ကြိမ် က ကျနော် တို့ တာဝန်ယူရမယ့် အကြိမ်လေ။


မေး - ၂၀၂၀ ရွေးကောက်ပွဲ အတွက် ဘယ်လိုပြောချင်ပါသလဲ။


ဖြေ - ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ထားရတော့မယ် ။ အဲ့ဒီအတွက် အစွမ်းကုန် ကြိုးစားမယ်၊ပြည်သူတွေအတွက် ကြိုးစားပေးမယ်၊စိတ်ထဲမှာတော့ ပြည်သူတွေ ကူညီဖို့ အတွက် အမြဲတမ်းရှိတယ်၊ဘာကြောင့်လည်းဆိုတော့ သျှမ်းပြည်ကြီးက သနားဖို့ကောင်းတယ် ။ အမြဲတမ်း စစ်ထွက်ပြေးနေရတယ်၊ အလုပ်အကိုင် လည်း ကောင်းကောင်း မလုပ်ရဘူး ယိုးဒယားဘက်တွေ သွားပြီး အလုပ်သွားလုပ်ကြတယ် ဒီလိုတွေ ဖြစ်နေရင် သျှမ်းတွေ ဒုက္ခရောက်ပြီး၊သျှမ်းလူမျိုးတွေ တဖြေးဖြေး ပျောက်သွားမယ်၊အစိုးရ တွေ မကြိုးစားပေးရင် ခက်မယ်၊သျှမ်း လူမျိုး သျှမ်းအစိုးရ ပြန်မဖြစ်ရင် ခက်ခဲမယ်၊ သျှမ်းပြည်မှာ သျှမ်းလူမျိုးက  အများဆုံး ဖြစ်ပြီး သျှမ်းလူမျိုးက မအုပ်ချုပ်ရရင် ကိုယ့်ကိုယ် သိဖို့လိုပြီ၊သျှမ်းလူမျိုးက သျှမ်းလွှတ်တော် ကိုယ်စားလှယ်ဘဲ ရွေးချယ်သင့်တယ်၊ သျှမ်းလွှတ်တော်အမတ် မဲ များရင် သူတို့ဘဲ သျှမ်းပြည်အစိုးရဖြစ်မှာ၊ သျှမ်းတွေ တခြားပါတီ ကို မဲ သွားပေးနေရင် ဘယ်လိုလုပ် အနိုင်ရမလဲ၊ ကျားဖြူပါတီတော့ ပြည်သူတွေကို ကူညီချင်ပါတယ် ပြည်သူတွေက ကျားဖြူပါတီ ကိုမရွေးတော့ ဘာမှ ကူညီလို့မရဘူး။


မေး - အနိုင်ရသွားတဲ့ ကျားခေါင်းပါတီ ကို ဘယ်လိုပြောချင်ပါသလဲ။


ဖြေ - ပြောချင်တာတော့ မရှိပါဘူး၊သူတို့ ပါတီ အနိုင်ရလဲ သျှမ်းပါတီတွေဘဲလို့ ကျနော်တို့ မြင်တယ်၊ ပြည်မ က ပါတီတွေ လာနိုင်သာထက်တော့ သာတယ်၊နိုင်ငံရေးက ဆိုးတဲ့ ကွက်ကို ဘဲ ကြည့်လို့မရဘူး၊ သဘောထားကြီးကြီး ရှိရမယ်၊သဘောထားသေးရင်တော့ နိုင်ငံရေး မလုပ်နဲ့တော့၊အမြဲတမ်းလည်း မနိုင်သလို အမြဲတမ်းလည်း မရှုံးနိုင်ဘူး။


သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ခေါ်ကျားဖြူပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲက သျှမ်းပြည်မှာ ဒုတိယမဲအများဆုံးနဲ့ လွှတ်တော်ကိုယ်စားလှယ် အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ နေရာအနိုင်ရရှိခဲ့ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates