အဆိုတော် စိုင်းစွမ်ဝုန်း တောင်လေးလုံးအကျဉ်းထောင်တွင် ကွယ်လွန်
မူးယစ်ဆေးဝါးမှုဖြင့် တောင်ကြီးမြို့နယ် တောင်လေးလုံးအကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေ သည့် အဆိုတော် စိုင်းစွမ်ဝုန်း အသက် ၄၆ နှစ်သည် အဆုတ်၊ ကျောက်ကပ်ရောဂါဖြင့် ထောင်အတွင်း ကွယ်လွန် ခဲ့ပါသည်။
ဧပြီလ ၆ ရက် ည ၉ နာရီက တောင်လေးလုံး တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းအား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး ရင်ခွဲရုံတွင်ထားရှိကာဧပြီလ ၈ ရက်တွင် သဂြိုဟ်မည်ဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။
ဇနီးဖြစ်သူ နန်းမြမေက “ကျမတို့သားအမိ ၄ ယောက် တောင်ကြီးတက်မလို့အခု ပင်လုံရောက်နေတယ်။ မနက်ဖြန်မှာ အသုဘချဖို့စီစဉ်ထားကြတယ် ”- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။
စိုင်းစွမ်ဝုန်းသည် ပင်လုံမြို့နေ လုံးစန်းထွန်းအောင် ၊ ပါ့စန်းခေါင်တို့၏ သားထွေးဖြစ်ပါသည်။ မွေးချင်းမောင်နှမ( ဒေါ်နန်းငွေ၊ ဒေါ်နန်းပွင့်၊ (SSNA- ခေါင်းဆောင်) ဗိုလ်မှူးကြီးကဏ်းယွက်(ကွယ်လွန်)၊ အဆိုတော် စိုင်းဆိုင်လျန်း (နမ့်ဖစ်ဖူး) အစရှိမွေးချင်း ၅ ဦးအနက် အထွေးဆုံး ဖြစ်သည်။ လဲချားမြို့သူ နန်းမြမေနှင့်လက်ထပ်ကာ သားသမီး ၃ ဦး(သား ၂ ဦး သမီး ၁ ဦး) ထွန်းကားခဲ့သည်။
“အငယ်ဆုံးကသမီးလေ။ ၁၀ တန်းဖြေမလို့။ သားအလတ်ကတော့ ၁၀ တန်းဖြေထားတယ်။ အကြီးကတော့ အလုပ်လုပ်နေတယ် ”- ဟု နန်းမြမေကပြောသည်။
စိုင်းစွမ်ဝုန်းသည် ၂၀၁၄ နှစ်ဦးပိုင်းက မူးယစ်ဆေးဝါးမှုဖြင့်အဖမ်းခံရပြီး တောင်ကြီး တောင် ၄ လုံးထောင်သို့ ပို့ဆောင်ချုပ် နှောင်ခံခဲ့ရသည်မှာ ကွယ်လွန်ချိန်အထိဖြစ်ပါသည်။
ခေတ်ပေါ်တေးသီချင်းများသီဆိုမှုကိုဝါသနာပါသောစိုင်းစွမ်ဝုန်းသည် အကိုဖြစ်သူ စဝ်ကဏ်းယွက် ရေးသား သည့် တော်လှန်ရေးတေးသီချင်းများ၊သျှမ်းအဆိုတော် စိုင်းမူး၏ အမျိုးသားတော်လှန်ရေး တေးသီချင်းများကို သီဆိုကာ နာမည်ရလာသည့် အဆိုတော် တဦးဖြစ်ပါသည်။
Tags: General, News



