ပင်လုံမြို့အနီး အစိုးရ တပ်မတော် နှင့် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်



သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မြောက်ဘက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ် မတော်၏ ဒေသတွင်းလှုပ်ရှားစစ်ကြောင်းတခု နှင့် ရလခတိုင်းလက်အောက်ခံ အစိုးရတပ်မတော် စစ် ကြောင်းတခုတို့ ယနေ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။


တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးထားသော RCSS/SSA ၏ ဒေသ တွင်းလှုပ်ရှားစစ်ကြောင်းတခုနှင့် ရလခတိုင်းလက်အောက်ခံ ခလရ  ၂၄၆ ၏ စစ်ကြောင်းတခုတို့ ပင်လုံ မြောက်ဘက် ၁၀ မိုင်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အစိုးရတပ်မတော် စစ်ကြောင်းက နယ်မြေ အတွင်း အကြောင်းမကြားဘဲ ၀င်ရောက်လှုပ်ရှားသည့်အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ရကြောင်း RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။


“ထိပ်တိုက်ရင်ဆိုင်မှုကြောင့်တိုက်ပွဲဖြစ်တာပါ။ ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေထဲဝင်လာတာကို ကြိုတင် အကြောင်းမကြားဘူး။ ဆိုတော့ ပစ်ခတ်တိုက်ခိုက်ကြတော့ တာပေါ့။  ၂ ဖက်ထိခိုက်မှုတော့ မသိရသေး ဘူး။”- ဟု ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။


ပင်လုံမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ တတ်အီအုပ်စု နမ့်ဆိုင်းရွာအနီးတွင်  မွန်းတည့် ၁၂ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။တိုက်ပွဲဖြစ်ပွါးမှုအပြီး အစိုးရစစ်ကြောင်းမှာ နမ့်ဆိုင်းရွာ အတွင်းသို့ တပ်ဆုတ်ခိုလှုံနေကြောင်းလည်း ပင်လုံရောက် ဒေသခံများပြောပြချက်အရသိရသည်။


“ကျနော်တို့အခု JMC ကိုအကြောင်းကြားထားတယ်။ စီစစ်ပေးဖို့နဲ့နောက်နောင်ထပ်မဖြစ်အောင်ပေါ့။ ကျနော်တို့ အဲန်စီအေထဲမှာဘဲဖြစ်ဖြစ်  ကျနော်တို့လက်မှတ်ထိုးထားတဲ့ ဘိုင်လက်ထရယ် အကရီးမဲန့်ထဲမှာ ဘဲဖြစ်ဖြစ်  ပါပါတယ်။ တဖက် နယ်မြေထဲတဖက်က ၀င်မယ်ဆိုရင်အကြောင်းကြား ရမယ်လေ။ အခုကအကြောင်းမကြား တဲ့အပြင်  လက်နက်နဲ့တကွဝင်လာတယ်ဆိုတော့ ကျနော်တို့ အပစ်ရပ်စာချုပ် သဘောတူညီချက်အရဆိုရင် သူတို့ဘက်က ဒါ  ချိုးဖောက်တာဘဲပေါ့နော်။  - ဟု ဒု- ဗိုလ်မှူးကြီးစိုင်းငင်းက ဆက်လက်ပြောပြသည်။


RCSS/SSA သည် အစိုးရနှင့် ပြည်နယ်အဆင့်ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုး ထားသည့် အဖွဲ့ဖြစ်သော်လည်း မတ် ၂၉ ရက်နေ့ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်အတွင်းတွင်လည်းကောင်း၊ မတ်လ ဆန်းပိုင်းက သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင်လည်းကောင်း RCSS တပ်စခန်းအား အစိုးရတပ်မတော်က သွားရောက်တိုက်ခိုက်ခဲ့မှုများရှိခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates