SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတိုက်ဖျက်ရေး ဒုတိယအကြိမ်ဆီးစစ်မှုပြု
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများပြားလာသည့်အပေါ် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်
SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းတွင် ဒေသတွင်းဖြတ်သန်းသွားလာသည့် ခရီးသွားများ ၊ ကေဒါ တပ်သားများ အပါအဝင် ဒေသခံများအား ဆီးစစ်မှု ဒုတိယအကြိမ် ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဧပြီလ ၃ ရက်နေ့က SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းတွင် လူထု တပ်သားအပါအဝင် ဖြတ်သန်းသွားလာသူ ၂၀၀ ခန့်အား မူးယစ်ဆေးသုံးစွဲမှုနှင့်ပတ်သက်ပြီး တပ်တွင်းအာဏာပိုင်များက တားဆီး ဆီးစစ်ရာ မူးယစ်ဆေးသုံးသူ ၂၆ ဦးရှိကြောင်း သိရသည်။
SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးဖုန်းဟန်က - ဌာနချုပ်ကနေပြီးတော့ မူးယစ်ဆေးမသုံးဖို့ မရောင်းဝယ်ဖို့မပတ်သက်ဖို့ အကြိမ်ကြိမ်သတိပေးစာထုတ်ပြန်တယ်။ အမြစ်ပြတ်အောင် တတ်နိုင်သမျှရှင်းလင်းသွားမယ်။ အဲလိုလုပ်နေတာတောင်မှ ဖမ်းဆီးမိနေသေးတယ်။ ၂၀၁၇ အတွင်းမှာလည်း မူးယစ်ဆေးရှင်းလင်းမှု ဆက်လုပ်သွားမယ်။ အခုစစ်ဆေးဖမ်းမိတဲ့ မူးယစ်ဆေးနဲ့ပတ်သက်နေသူ ၂၀ ကျော်ကိုလည်း ဌာနချုပ်ရဲ့ စည်းကမ်းဥပဒေအတိုင်း ပြစ်ဒဏ်ပေးသွားမယ်။ ပထမအကြိမ်ဖမ်းမိတဲ့သူဆိုရင် မူးယစ်ပညာပေးပြီး ပြန်လွှတ်ပေးမယ်။ ဒုတိယအကြိမ်ဖမ်းမိတဲ့သူဆိုရင်တော့ ဖမ်းဆီးပြစ်ဒဏ်ပေးပြီးတော့ ဆေးဖြတ်ပေးမယ် အဲလိုရှိပါတယ် - ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အကျိုးမရှိသောအဆိုပါ မူးယစ်ဆေးဝါးအားအဆုံးစွန်တိုက်ဖျက်သွားမည်ဖြစ်ကြောင်းလည်း SSPP/SSA ကပြောပါသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ်ဝမ့်ဟိုင်းတွင် ပြီးခဲ့သည့် ၂၀၁၆ သြဂတ်စ်လကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းအဖြစ် ကေဒါတပ်သားနှင့် ဒေသတွင်းလူထုအား ပထမအကြိမ်အဖြစ် ဆီးစစ်ရာ အယောက် ၁၀၀ တွင် မူးယစ်ဆေးနှင့်ပတ်သက်သူ ၆၀ ဖမ်းဆီးစစ်ဆေးမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးပြသနာသည် နိုင်ငံရေးပြသနာနှင့် ပတ်သက်နေသောကြောင့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများ မဖြေရှင်းနိုင်သေးသရွေ့ မူးယစ်ဆေးဝါးပြသနာကို အမြစ်ပြတ်ရှင်းလင်း နိုင်မည်မဟုတ်ကြောင်း သျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့မှ စိုင်းမိဏ်းကပြောပါသည်။
Tags: Drug, News



