လက်ရှိညီလာခံတွင် ပထမအကြိမ်ညီလာခံထက် အမျိုးသမီးပါဝင်မှု ပိုမိုနည်းပါး - အမျိုးသမီး ကိုယ်စားလှယ်ပြော
ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံသည် ပထမအကြိမ်ညီလာခံထက် အမျိုးသမီးပါဝင်မှု ပိုမိုနည်းပါးနေကြောင်း ညီလာခံ တက်ရောက် သျှမ်း အမျိုးသမီးကိုယ်စားလှယ်က ပြောသည်။
လက်ရှိကျင်းပနေသောညီလာခံမှ အမျိုးသမီးပါဝင်မှု နည်းပါးခြင်းမှာ တာဝန်ရှိသူဘက်မှ ဖိတ်ကြားခြင်း မရှိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
![]() |
| ညီလာခံတက်ရောက်ရန် RCSS/SSA မှ ရွေးချယ်လိုက်သည့် Shan CBOs ကိုယ်စားလှယ် ယိင်းဟန်ဖှ |
ပထမ အကြိမ် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံသည် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်း ရှိပြီး ယခု ကျင်းပသည့် ဒုတိယအကြိမ် ညီလာခံသည် အမျိုးသမီး ပါဝင်မှု ပိုမိုနည်းသွားသည်။
“ကျမ ကိုယ်တိုင်ကလည်း သျှမ်းအမျိုးသမီးရေးရာအဖွဲ့ဝင်တဦး ဖြစ်တယ်။ မြန်မာနိုင်ငံက အမျိုးသမီး အဖွဲ့ချုပ်မှာလည်းပါဝင်တယ်။ ဒါမယ့်လက်ရှိမှာ ကျမတို့ အမျိုးသမီးကို သီးသန့်ဖိတ်တာမရှိဘူး။ CSO အနေနဲ့ဘဲ လာတက်တာဖြစ်တယ်။ ဒါကြောင့် ဒီတခေါက်ဆို အမျိုးသမီးပါဝင်မှု နည်းတယ်။ ဒီထက်ပိုပါဝင်အောင်လည်း တစ်ဖက်တစ်လမ်းကနေ တိုက်တွန်းပြီး ကြိုးစားသွားမယ်”ဟု ယိင်းဟန်ဖှ ကပြောသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ညီလာခံသည် မေလ ၂၄ ရက်နေ့ မှ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကဏ္ဍအလိုက် ခေါင်းစဉ်ကြီး ငါးခု ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
Tags: Human Right, News


