ပြည်နယ်နှင့်တိုင်းဖွဲ့စည်းပုံအတွင်း- မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက် - ထည့်သွင်းဖော်ပြမှုမသင့်ဟု SNLD ပြော



၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့မှာ UPDJC မှ ချမှတ်ပေးထားသည့် နိုင်ငံရေးကဏ်ဏ္ဍ အစုအဖွဲ့အလိုက် ဆွေးနွေးရန်အတွက် အချက် ၂၁ ချက် ပါရှိသည့်အနက် အပိုဒ် ၈ အပိုဒ်ခွဲ (ဂ) တွင်ပါရှိသည့် ပြည်ထောင် စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲမထွက်ရ ဆိုသည့် အချက် ထည့်သွင်းဖော်ပြမှုမသင့်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  SNLD  ကျားခေါင်းပါတီဘက်မှ ဆွေးနွေးခဲ့သည်။


အဆိုပါ ပြည်ထောင်စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲထွက်ခွင့်မပြုရ ဆိုသည့် အချက် ဖော်ပြရာတွင် အပိုဒ် ရ (က) မှာ ဒို့တာဝန်အရေးသုံးပါး ကို ဖော်ပြပြီးသားဖြစ်သည့်အတွက် ထည့်သွင်းရန် မလိုကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် စိုင်းထင်ကျော် ကပြောသည်။


“ခု ပြန်လည်ဆွေးနွေးခွင့် ၂၁ ချက်ရှိပါတယ်၊ အဲ့ဒီ ၂၁ ချက်ထဲမှာ အပိုဒ် ၈ အပိုဒ်ခွဲ(ဂ) အနေနဲ့ ကျနော်တို့ ဆွေးနွေးရတာ ဖြစ်ပါတယ်၊ ဒါကို ကျနော်တို့ ကိုင်ပြီး ဆွေးနွေးရတာဖြစ်ပါတယ်၊ ဘာကွဲလွဲလည်း ဆိုတော့ ရှေ့မှာ အပိုဒ် ရ (က) မှာ  ဒို့တာဝန်အရေးသုံးပါးကို  ပေးထားတာရှိပါတယ်၊ အဲ့ဒီ ဒို့တာဝန်အရေးသုံးပါးကို ကျော်လွန်နေတယ်၊ ဒို့တာဝန်အရေးသုံးပါး အတွက် ဒီအချက်ထည့်ထားလို့ရှိရင် ထိခိုက်နိုင်တယ်၊ နောက်တစ်ခုက ဒို့တာဝန်အရေးသုံးပါး ရှိတဲ့အတွက်ကြောင့် ဒီအချက်က မလိုဘူး ဆိုပြီးတော့ ကျနော်တို့ ပါတီက ဆွေးနွေးတာ ဖြစ်ပါတယ် ” ဟု ၄င်းကပြောသည်။


ခွဲထွက်ရေးဆိုသည့် အချက် ထည့်သွင်းရေးဆွဲထားခြင်းကို လက်မခံကြောင်း နှင့် အပိုဒ် ရ (က) မှာ ပါရှိသည့် ဒို့တာဝန်အရေးသုံးပါးဖြင့်သာ ပြီးပြည့်စုံနေပြီ ဖြစ်ကြောင်း ၊ မိမိတို့အတွက်မှာမူ သျှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲ မကျင်းပနိုင်သေးသည့်အတွက် ခွဲမထွက်ရေးမူ သဘောထား ပေးနိုင်ရေး ခက်ခဲနေသေးကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၏ နိုင်ငံရေး ကိုယ်စားလှယ် စိုင်းထင်ကျော် ကပြောသည်။


ပြည်ထောင်စု အင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်းက “ ဒီခွဲထွက်ရေးတွေ ဘာတွေပြောမယ်ဆိုလို့ရှိရင် သူက အမျိုးသမီး နဲ့ အမျိုးသား မင်္ဂလာဆောင်တာနဲ့ လာပြီးတော့မှ တိုက်ဆိုင်ကြည့်ရမှာပေါ့၊ အမျိုးသမီး နဲ့ အမျိုးသား မင်္ဂလာဆောင်ကြပြီဆိုလို့ရှိရင် သူတို့ကပြောကြမယ် ကျနော်တို့ ကျမတို့ အိုအောင်မင်းအောင် ပေါင်းသင်းသွားကြပါမယ်၊ မရဏမင်းက မခေါ်ဆောင် သွားခင်ချိန်အထိ ကျနော်တို့ ကျမတို့ သက်ဆုံးတိုင် တူတူနေသွားမယ်လို့ အဲ့လိုမျိုးပြောမှာ၊ ဒါပေမယ့် မင်း လုံးဝ ငါ့ကို မကွာရဘူးကွ အဲ့လိုမျိုး ပြောမှာ မဟုတ် ဘူး ။ မကွာရဘူးဆိုတာ မပြောဘူး ပြောတဲ့လူကို ဘယ်သူက လက်ထပ်ချင်မတုန်း၊ ဒါပေမယ့် တစ်ဖက် ကလည်း ဟိုဘက်က စိုးရိမ်မှုကိုလည်း ကိုယ်က နားလည်ဖို့လိုတယ်၊ သူက ခဏခဏ မင်္ဂလာဆောင်ပြီး တော့မှ ခဏခဏကွဲတဲ့အခါ တော့ သူကလည်း နဲနဲကြောက်ပြီးတော့ မှ စိုးရိမ်မှုတွေ ပြောတာလည်း ဖြစ်နိုင်တယ်၊ သူ့စိုးရိမ်မှုကိုလည်း ကိုယ်က နားလည်ရမယ်၊ ဒါမယ့် ကိုယ့်ဘက်ကလည်း သူပြောတဲ့အတိုင်း ဆိုလို့ရှိရင်တော့ သူ့စကားလုံးအတိုင်းက လုပ်နိုင်ဖို့ က ခက်တာ တကယ်တမ်းကျတော့ အိုအောင်မင်းအောင်ပေါင်းသွားကြမယ်ဆိုတာနဲ့ မကွာရှင်းပါဘူးဆိုတာ ဒီဥစ္စာ တူတူလောက်ပါဘဲ၊ အဓိပ္ပာယ်ချင်းကောက်လိုက်ရင် အတူတူပါဘဲ အသုံးအနှုန်းက မတူဘူး တစ်ခု က အပေါင်းလက္ခဏာပြတယ် နောက်တစ်ခုက အနုတ်လက္ခဏာ ပြတယ်၊ အဲ့ဒီ အနုတ်လက္ခဏာ မပြတဲ့ စကားလုံးအသုံးအနှုန်းတွေကို သုံးဖို့လိုတာပေါ့၊ အဲ့ဒါဆိုရင် ပိုကောင်းတာပေါ့” ဟု ပြောသည်။


ခွဲထွက်ခွင့် မပြုရဆိုသည့် အချက် ထည့်သွင်းထားခြင်းသည် ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ်ကို ကျော်လွန် နေတာဖြစ်ပြီး ပြည်ထောင်စုခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ တိုင်းရင်းသားပေါင်းစုံတို့ ညှိနှိုင်းထားသည့် သဘောတူညီချက်တွေကို လှစ်လျူရှုရာ ရောက်ကြောင်း စိုင်းထင်ကျော် ကပြောသည်။


၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၀ ပုဒ်မ ၂၀၂ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ ဟု ပါရှိသည်။ ဆိုလိုသည်မှာ ၁၀ နှစ်ပြည့်လျှင် ခွဲထွက်ပိုင်ခွင့်ရှိသည်၊ သို့သော် ပြည်နယ် ကောင်စီ ရှိ အမတ် စုစုပေါင်း သုံးပုံနှစ်ပုံအောက်မလျော့သောအမတ်များ၏ ထောက်ခံမဲပေးခြင်းဖြင့် အတည်ပြု ရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates