ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားတဦး တည်ဆောက်ဆဲ ၅ ထပ်တိုက်မှ ပြုတ်ကျ သေဆုံး



ထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေသော သျှမ်းပြည်တောင်ပိုင်းမိုင်းကိုင်မြို့နယ်နေ သျှမ်းအမျိုးသား တဦး က တည်ဆောက်ဆဲ ၅ ထပ်တိုက်ပေါ်မှပြုတ်ကျသဖြင့် မဟာရတ် (ဆွန်ဒေါက်) ဆေးရုံသို့ပို့ ဆောင်စဉ် သေဆုံးသွားခဲ့သည်။


မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီက ချင်းမိုင်မြို့ မယ်ကျို့မြို့နယ် ကတ်ရုမ်းချုတ်ဈေးအနီး ဆောက် လုပ်ရေး လုပ်ငန်းခွင်အတွင်း တည်ဆောက်ဆဲ ၅ ထပ်တိုက် ပေါ်မှ ပြုတ်ကျသဖြင့် ၄င်းတိုက်ဘေးရှိ ဆောက်လုပ် လက်စ ၊ အုဋ်မြစ်ချဆဲလုပ်ငန်းခွင်အတွင်းကျသွားကြောင်း၊ ၄င်းကျသွားသည့်နေရာ တွင် ၃ ပေအရှည်ခန့်ရှိ ထောင်နေသော သံချောင်းများ စိုက်မိသောကြောင့် ဒဏ်ရာအပြင်း အထန် ဖြင့် ဆေးရုံအရောက် တွင် သေဆုံးသွားကြောင်း အလုပ်သမားများအရေးဆောင်ရွက်နေသည့်  MWF မှ စိုင်းဆူချတ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။


ချင်းမိုင်မြို့ရှိ  ရွှေ့ပြောင်းအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသည့် စိုင်းလိန်ခမ်းက - စိုင်းခမ်းရဲ့အလောင်းကို မေလ ၃၀ ရက်နေ့ မွန်းတည့်က လွယ်ဆကိတ်မြို့နယ်မှာရှိတဲ့ သုသာန် မှာဘဲ မီးသဂြိုဟ်လိုက်ပြီ။ အသုဘစရိတ်အပါအဝင် သေဆုံးသူအတွက် ဆောက်လုပ်ရေးကုမဏီက လျော်ကြေးငွေ ၂၅၀၀၀၀ ဘတ် (နှစ်သိန်းခွဲ) ပေးလျော်ခဲ့တယ် - ဟု ပြောသည်။


ဆောက်လုပ်ရေးလုပ်ငန်းမှပြုတ်ကျသေဆုံးသူ စိုင်းခမ်းအသက် ၃၁ နှစ်မှာ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းအုပ်စု နောင်တောင်းရွာဇာတိဖြစ်ပြီး အမည်အပြည့်အစုံမှာ စိုင်းပန်းခမ်းဖြစ်သည်။ ဇနီးသည်မှာ အသက် ၂၅ နှစ်ရှိ အေးနန်း ဆိုသူဖြစ်ပြီး ၄င်းတို့တွင်  ၃ နှစ်အရွယ် သမီးတဦးရှိပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates