လွိုင်လင်ခရိုင် ၅ မြို့နယ် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ပထမအကြိမ်စုပေါင်းပြုလုပ်



သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းပွန်မြို့နယ်၌  ၆ ကြိမ်မြောက်နွေရာသီသျှမ်းစာပေသင်တန်း ဆင်းပွဲ နှင့်အတူ   ပထမအကြိမ် မြို့နယ် ၅ မြို့နယ် စုပေါင်းပြုလုပ်သည့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း မှ သင်တန်းဆင်းပွဲ  စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို နောင်လိုင်မူဖိတ် ကျေးရွာအုပ်စု လွယ်ကင်းကျေးရွာ လွယ်ကင်းဘုန်းကြီးကျောင်းတွင် မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo; Citizen Journalist

“ ပထမ ရည်ရွယ်ချက် ကတော့ ၄၅ ရွာက ကလေးတွေ တွေ့ဆုံပြီး အတူတကွ သင်ယူဆည်းပူးနိုင်ဖို့အတွက် ၄၅ ရက် သင်တန်းကို စုပြီး လုပ်တယ်၊ သူတို့ အချင်းချင်း ရင်းနှီးအောင်ပေါ့။ ပြီးတော့ ၄၅ ရွာ စုပြီးတော့ ဥယျာဉ်ကျောင်းမှာ စာမေးပွဲဖြေတယ်၊ ဒုတိယ အချက်က မြို့မိမြို့ဖတွေကိုလည်း  ပညာရေးပိုင်းမှာ ပိုပြီး အားပေးလာအောင်၊  ကျောင်းသားမိဘတွေ ပညာရေးပိုင်းမှာ ပိုပြီးမြှင့်တင်ပေးအောင် အားသန်လာအောင် အဲ့ဒီရည်ရွယ်ချက်တွေလည်းပါတယ်” ဟု ကုန်းယောကျောင်းထိုင် ဆရာတော် ဘဒ္ဒ န္တနေမိန္ဒ က မိန့်တော်မူသည်။


မိုင်းပွန်မြို့နယ်၌ ပထမအကြိမ် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ စုပေါင်းလုပ်သည့် မြို့များမှာ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့နယ်၊ နမ့်စန်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် ရှိ ကျေးရွာပေါင်း ၄၅ ရွာမှ ကျောင်းသား ၁၄၀၀ ကျော် တို့ဖြစ်ကြောင်း သိရသည်။


“ တဖက်ကလည်း သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်ကနေ ပြီးတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုထွန်းကားအောင် စာပေတွေ တိုးတက်အောင် နောက်တစ်ခုက ကလေးတွေ အနန္တငါးပါး ကို ရိုသေတတ်အောင် နောက်တစ်ခုက သျှမ်းစာပေတွေ ဒီထက်ပိုမို တိုးတက်အောင်၊ ကလေးတွေအနေနဲ့ အဘက်ဘက်က ဂုဏ်ကျေးဇူး ကိုသိတတ်စေအောင် ရည်ရွယ်ပါတယ်” ဟု ဆရာတော် ဘဒ္ဒ န္တနေမိန္ဒ ကမိန့်တော်မူသည်။


ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲသို့ သံယာတော် ၁၁၉ ပါး ၊ ဆရာ/ဆရာမ ၁၂၀ နှင့် ကျောင်းသား/သူ ၁၄၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates