ဝုန်းဝမ်းဆေးတိုက်ပိုင်ရှင် သမားတော်ကြီးလုံးတန်းကေး အသက် ၈၁ နှစ်ရုပ်အလောင်းအား မေလ ၁၃ ရက်တွင် သဂြိုဟ်မည်
၂၀၁၇ ခု မေလ ၉ ရက်နေ့ တွင် ကွယ်လွန်အနိစ္စရောက်သည့် သျှမ်းစာပေပညာရှင် ဝုန်းဝမ်းဆေး တိုက်ပိုင်ရှင် သမားတော်ကြီး(ဦး)လုံးတန်းကေး အသက် ၉၅ နှစ်၏ ကျန်ရှိရုပ် အလောင်းအား မေလ ၁၃ ရက် တနင်္ဂနွေနေ့တွင် နေအိမ်မှ တောင်ကြီးမြို့ တိုင်းရင်းသားပေါင်းစုံ သုသာန်သို့ ပို့ဆောင် မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
သမားတော်ကြီးလုံးတန်းကေး၏ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ- သမားတော်ကြီး(ဦး)လုံးတန်းကေး၏ ငယ် မည်မှာ စိုင်းတန်းကေး ဖြစ်ပြီး အဘ ခိင်းဆွယ့်ဆိုင်၊ အမိ နိုင်းဆွယ့်ဆိုင်တို့မှ ၁၉၂၄ ခု ဩဂုတ်လ ၁၂ ရက်နေ့တွင် နောင်ဟိုရပ်၊ နန့်ခမ်းမြို့၌ မွေးဖွားခဲ့သည့် ဒုတိယ သားဖြစ်သည်။ ငယ်နာမည်မှာ စိုင်းယီ ဟုခေါ်သည်။ ဘုန်းတော်ကြီး ပညာရေးဖြင့် ပညာဆည်းဖူးပြီး ထင်ရှားကျော်ကြားလာသည့် သျှမ်းစာပေပညာရှင်၊ သျှမ်းတိုင်းရင်း ဆေးသမားတော်ကြီးဖြစ်လာသည်။
၁၉၄၅ ခု တွင် နမ့်ခမ်းသူ နန်းဆွယ့်ဆိုင်ခေါင် နှင့်အိမ်ထောင်ပြုပြီး သားသမီး - ၇ ဦး ထွန်းကား သည်။ ၎င်းတို့မှာ - စိုင်းမောင်၊ စိုင်းချစ်တင်၊ စိုင်းလိတ်၊ စိုင်းချစ်နွယ်၊ နန်းသန်း၊ စိုင်းဘကျော်၊ စိုင်းလိန်ခမ်း တို့ဖြစ်သည်။
သျှမ်းစာပေလေ့လာဆည်းပူးမှုခြင်း၊ သျှမ်းတိုင်းရင်းဆေးများ ဖေါ်ဆပ်ခြင်းဖြင့် ၁၉၅၀ ခုနှစ် တွင် ဘုရားဆင်းထုတော် ထုလုပ်လှူဒါန်းရာမှ သျှမ်းလူမျိုးကြားတွင် အမည်တွင်လာသည်။
၁၉၅၂ ကတည်းက စတင်တည်ထောင်ခဲ့သော တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုနှင့် ယဉ်ကျေး မှုအသင်းကြီးအတွင်း ၁၉၅၇ ခုနှစ်ကတည်းက စတင်ပြီး လှုပ်ရှားမှုများတွင် ဦးဆောင် ဦးရွက်ပါလာ ခဲ့သည်။ သျှမ်းစာပေယဉ်ကျေးမှုအသင်းတွင် အလုပ်အမှုဆောင်၊ အတွင်းအရေးမှူး နာယက အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
စာအုပ်စာပေများကို ၁၉၅၀ ခုနှစ် အသက် ၂၆ နှစ်အရွယ် ကတည်းက စတင်ရေးသားခဲ့သည်။ လုံးတန်းကေး၏ ရည်ရွယ်ချက်မှာ သျှမ်းအားလုံး သျှမ်းစာတတ်မြောက်ရေး၊ အကျင့်စာရိတ္တ ကောင်း မွန်စေရေး၊ ကြီးပွါးချမ်းသာရေး တို့ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်သည့်စာပေများကို လေ့လာရေးသား ထုတ်ဝေခဲ့သည်။ ထို့ပြင် ပညာရေး၊ လောကီရေးရာ၊ လောကုတ္တရာရေးရာ ၊ ကဗျာ အစရှိ အုပ်ရေ ၁၀၀ နီးပါးရှိသည်။
ထို့ပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်ထုတ်လွှင့်ရန် ခေတ်ဟောင်းခေတ်လယ် သျှမ်းတေး သီချင်း အပုဒ်ရေ ၅၀ ကျော်ရေးသားခဲ့သည်။
ထို့အပြင် အစာကြေဆေး၊ ဖြေဆေး၊ ချောင်းဆိုးပျောက်ဆေး၊ သွေးဆေး၊ အသဲရောင်အသားဝါဆေး၊ ကိုယ်ပူကျဆေး၊ နှလုံးဆေးအစရှိ သျှမ်းတိုင်းရင်းဆေးများကိုဖော်စပ်ကာ ကျားနေဝန်းတံဆိပ်ဖြင့် ရောင်းချခဲ့သည်။ ယာ့ကေ့လျဲတ် ဆိုသည့် မဟာဖြေဆေးသည် သျှမ်းပြည်အနှံ့ အပြင် မြန်မာပြည်တ ဝှမ်းလုံးမက ပြည်ပရောက်မြန်မာအတိုင်းအဝိုင်းများလဲ နှစ်သက်သုံးစွဲကြသည်။
ဘ၀ခရီးလမ်းနှင့်လုပ်ငန်း
နမ့်ခမ်းမှ တောင်ကြီးသို့ ၁၉၅၇ ခုနှစ်ကတည်းကပြောင်းရွှေ့လာခဲ့သည်။ ၁၉၅၈ တွင် သျှမ်းပြည် မြောက်ပိုင်းရှိ ဇနီးနှင့်သားသမီးများအားသွားရောက်ကြိုကာ တောင်ကြီးသို့ခေါ်ဆောင်ခဲ့သည်။ တောင်ကြီးမြို့တွင် သျှမ်းစာပေပြုစုရေးအသင်းတိုက် တည်ဆောက်ရာ တွင်လည်း ကူညီလုပ် ဆောင် လာခဲ့ပြီး ၁၉၆၈ တွင် ဝုန်းဝမ်းပုံနှိပ်တိုက်နှင့် တိုင်းရင်းဆေးတိုက်ကို တည်ဆောက်ခဲ့သည်။
သျှမ်းစာပေအပြင် တခြားဘာသာစာပေများကိုလည်း လက်ခံပုံနှိပ်ပေးခဲ့သည်။ တိုင်းရင်းဆေး ကိုလည်း ၁၉၈၀ တွင်စတင်ကာ ကိုယ်တိုင်ဖော်စပ်ရောင်းချခဲ့သည်။ ၁၉၉၈ -၉၉ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်က ဖိတ်ခေါ်မှုကြောင့် လုံးတန်းကေးမှာ ၃ လတာ သျှမ်းစာပေသွားရောက် သင်ကြားပေးခဲ့သည်။
သားသမီးမြေးမြစ်များနှင့်သျှမ်းလူငယ်မောင်မယ်များအား လုံးတန်းကေးအမြဲသွန်သင် ဆုံးမ သောစကားမှာ - သီလစောင့်ထိမ်းတတ်ပါ၊ အနည်းဆုံး ၅ ပါးသီလ မြဲပါစေ။ တရားသော နည်းလမ်းဖြင့် ပိုက်ဆံရှာပါ။ ပညာကိုဆည်းပူးပါ။ သျှမ်းစာပေ သျှမ်းစကား သျှမ်းရိုးရာ ယဉ်ကျေးမှု ဝတ်စုံကို မြတ်နိုးဝတ်ဆင်ပါ။
လျန်းဆိုင်တိုင်း အမှတ် ၁ စာအုပ်ပါ နန်းခမ်းယုံရေးသားထားသော လုံးတန်းကေး၏အတ္ထုပ္ပတ္တိမှ ကိုးကားဖော်ပြခြင်းဖြစ်သည်။
Tags: Culture, News