သျှမ်းအဆင့်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးသဖြင့် ၂၁ ရာစုပင်လုံတွင် RCSS လက်မှတ်ရေးထိုးမည်မဟုတ် RCSS ပြော



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA လွယ်တိုင်းလျန်း  တွင် ကျင်းပသော ၅၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့တွင် ၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက်ပြီးကြေငြာချက်တစောင်ကိုပါထုတ်ပြန်ခဲ့ရာ  ၂၁ ရာစုပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်းဖော်ပြထားသည်။

သျှမ်းဘာသာဖြင့်ကြေငြာချက် 
“ ဒီနှစ်ပွဲကတော့ အဲဒီကြေငြာချက်ကအဓိကပေါ့နော်။ ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် တက် တော့တက်မယ်။ စာတမ်းတင်သွင်းတာ မလုပ်ဘူး။ လက်မှတ်ရေးထိုးမှာမဟုတ်ဘူး။ ဘာကြောင့် လဲဆိုတော့ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ရသေးဘူး။” - ဟု ပြောခွင့်ရဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။


အဆိုပါကြေငြာချက်တွင် အချက် ၄ ချက်ပါရှိပြီး RCSS/SSA အနေဖြင့် ငြိမ်းချမ်းရေး စာချုပ်အတိုင်း အစဉ်တစိုက် လုပ်ဆောင်လာခဲ့ကြောင်း၊ လက်ရှိတွင်လည်း (သျှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးမှုမပြုရသေးသဖြင့် လူထုဆန္ဒအစစ်အမှန် မပါရှိသည့် ) နိုင်ငံရေးဆွေးနွေးမှုရလာဒ်မှ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် အခြေခံအုဋ်မြစ်ချရာတွင် RCSS အနေဖြင့် အနာဂတ်ပြည်ထောင်စုအတွက် စိုးရိမ်ပူပန် ရကြောင်း  ပါရှိပါသည်။


အထူးဖြင့် နောက်ဆုံးအချက်ဖြစ်သည့်အချက် ၄ တွင် - ၂၁ ရာစုပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် တွင် RCSS/SSA အနေဖြင့် NCA လက်မှတ် ရေးထိုးထား သည့်အဖွဲ့တဖွဲ့အနေဖြင့်သာတက်ရောက်မည်ဖြစ်ပြီး စာတမ်းတင်သွင်းဖတ်ကြားခြင်းပြုမည်မဟုတ်၊   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ်မှရရှိလာသည့် သဘောတူညီချက်ဖြင့် အခြေခံ သည့်ပြည်ထောင်စု စာချုပ်တွင်လည်း လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။


၂၁ ရာစု ပင်လုံညီလာခံကိုမေလ ၂၄ ရက်နေ့ နေပြည်တော်တွင်ကျင်းပရန်အစိုးရကစီစဉ်နေပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates