နိုင်ငံရေးရည်မှန်းချက်ရောက်သည်အထိ ရှေ့ဆက်သွားဖို့ ၅၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့တွင် သျှမ်းခေါင်းဆောင်များပြော



မလ ၂၁ ရက် တွင်ကျရောက်သည့် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဌာနချုပ်လွယ်တိုင်းလျန်းတွင်လည်းကောင်း သျှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ဝမ့်ဟိုင်းတွင်လည်းကောင်းအသီးသီးကျင်းပခဲ့သည်။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ် ဝမ့်ဟိုင်းတွင် ၅၉ နှစ်ပြည့် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကျင်းပခဲ့ရာ စစ်ရေးပြကေဒါတပ်သားများအပြင် ပွဲတက်ရောက်သူ ပြည်သူလူထု စုစုပေါင်း ၁၀၀၀ နီးပါးရှိကြောင်းသိရသည်။


SSPP/SSA နာယက ၁ ဗိုလ်ချုပ်ကြီးဆေထင်က-“ လူထုဘက်ကရပ်တည်ပြီး လက်နက်စွဲကိုင် အကာအကွယ်ပေးနေတုန်းပါဘဲ။ ရှေ့ဆက်မှာလည်းကျနော်တို့ စုပေါင်းပြီးအေးအတူပူအမျှ ဆက် လျှောက်လှမ်းကြမယ်။  အချင်းချင်းကြားမှာ ပဋိပက္ခရှိရင်ရှိမယ် ။ ညီညွတ်ရေး၊ အင်အား တောင့် တင်းရေးအတွက် တယောက်နဲ့တယောက်သီးခံဖို့လိုတယ်။  လာမယ့်နှစ်မှာ သျှမ်းပြည် အမျိုးသား တော်လှန်ရေးသက်တမ်း ၆၀ ပြည့်တော့မယ်။ ဒီသက်တမ်း လူတယောက်ဖြစ်ခဲ့ရင်တော့ တောင်ဝှေးနဲ့ ဘုန်းကြီးကျောင်းသွားနေပြီပေါ့။


ဒါပေမယ့်ကျနော်တို့ တော်လှန်ရေးလုပ်ငန်းက အဲလို တောင်ဝှေးနဲ့ သွားလို့မရဘူး။ သက်တမ်းရင့်ပြီဖြစ်ပေမယ့် စိတ်ပျိုကိုယ်နု ထားရမယ်။ သွက်လက် မြန်ဆန် မှန်ကန်ရမယ်။ အားအင်တွေတနှစ်ထက် တနှစ်တောင့်တင်းရမယ်။ ဒါမှ လူထုအတွက် အကာအကွယ် ပေးနိုင်မယ်။ လူထုနဲ့ တပ်ကွဲတဲ့နေ့ဟာ တပ်ပြိုကွဲတဲ့နေ့ဘဲ။  ဒါကြောင့် လူထုအကျိုးကိုသယ်ပိုးမယ့် တပ်မတော်အဖြစ်ဆက်လက်ရပ်တည်ပေးပါ ၊ နိုင်ငံရေးရည်မှန်းချက် ရောက်တဲ့အထိ ဆက်လျှောက်လှမ်းကြပါလို့ ကေဒါတပ်သားအားလုံးကို ကျနော် ဒီကနေ တောင်းဆိုချင်ပါတယ်။ ”- ဟုပြောသည်။


လွယ်တိုင်းလျန်းဌာနချုပ်တွင်ကျင်းပသော သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားတွင် စစ်ရေးပြ ကေဒါတပ်သားများအပါအဝင် ပွဲတက်ရောက်သူစုစုပေါင်းအင်အား ၃၀၀၀ ကျော်ရှိပြီး  RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ငြိမ်းချမ်းရေးအဓွန့်ရှည်ရေးထိန်းသိမ်း သွားမည့်အကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။


“ RCSS/SSA ဟာအစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီးတော့ သဘောတူညီချက်လက်မှတ်ရေးထိုးထားတဲ့အတိုင်း ငြိမ်းချမ်းရေးကိုအစဉ်တစိုက် ထိန်းသိမ်းလာ ခဲ့တယ်။ ဥပဒေဘောင်ထဲကအဖွဲ့အစည်းဖြစ်ပြီဖြစ်တဲ့အတွက် RCSS နဲ့ပတ်သက်ပြီး ဒေသခံလူထု ဖမ်းဆီးတာတွေခံရရင် နီးစပ်ရာ RCSS ဆက်ဆံရေးရုံးကို အမြန်ဆုံးတိုင်ကြား ဖို့တိုက်တွန်းတယ်။ ၅၉ နှစ်ပြည့် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ကနေ နိုင်ငံရေးရည်မှန်းချက်ရရှိတဲ့အချိန်အထိ ကျနော်တို့ကြိုးစားသွားမယ်” - အစရှိအချက်များပါသည့် မိန့်ခွန်းပြောကြားခဲ့သည်။


အခမ်းအနားတွင် သျှမ်းတော်လှန်ရေးဖခင် စဝ်နွဲ့ဆောယန္တ၏ ဇနီးဖြစ်ခဲ့ဖူးသူ သီလရှင် ဒေါ်နန်းလူ ကလည်း တက်ရောက်ကာ စဝ်နွဲ့ဆောယန္တမှ ဦးစီးဦးဆောင်ကာ သျှမ်း လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်စဉ်ကအခြေအနေကိုရှင်းလင်းပြောပြခဲ့သည်။


ထိုနောက်ပိုင်း တော်လှန်ရေးကာလ အသက်သွေးချွေးပေးဆပ်ခဲ့ရသည့် အာဇာနည်စစ်သည်များ၏ ကျန်ရစ်သူမိသားစုဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေချခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။


အတူတကွ ဒွန်တွဲနေထိုင်ဖို့ ၁၉၄၇ ပင်လုံစာချုပ် သဘောတူလက်မှတ် ရေးဖိုးပြီး တောင်တန်း မြေပြန့် ပူးတွဲကာ လွတ်လပ်ရေး ရယူခဲ့သည့် နောက် ရသင့်ရထိုင်သည့် အခွင့်အရေးများ မရသည့်အပြင် သျှမ်းပြည်နယ်အတွင်း ကျူးကျော် အခြေချလာသည့် ဗမာ့တပ်မတော်က သျှမ်းလူထုအပေါ် လူ့အခွင့်အရေးအမျိုးမျိုးချိုးဖေါက် လာသည့်အတွက် ဆုံးရှုံးနေသည့် အခွင့်အရေးကို ရယူဖို့ စဝ်နွဲ့ဆောယန္တ ဦးဆောင်သည့် ကေဒါတပ်သား  ၂၀ ခန့်က ၁၉၅၈ ခုနှစ်ကစတင်ကာ လက်နက် ကိုင်တော်လှန် တိုက်ခိုက်လာခဲ့ရာမှအစွဲပြုပြီး သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ ဖြစ်ပေါ်လာခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates