နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့် PSLF/TNLA တို့ တိုက်ပွဲ ပြန်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်



ဒုတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကျင်းပနေချိန်တွင်း တအောင်းအမျိုး သား လွတ်မြောက်ရေး တပ်မတော်  TNLA  နှင့် သျှမ်းပြည်နယ်ပြန် လည်ထူထောင်ရေးကောင်စီ  RCSS  တို့ကြား စစ်ရေးတင်းမာမှုများရှိနေသောကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရမ်နေကြသည်။


သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့်တအာင်း(ပလောင်) တပ်တို့ ကြား မေလ ၂၅ ရက် ညနေပိုင်းက တိုက်ပွဲများ ဖြစ်ပွားသကဲ့သို့ အဆိုပါ ဒေသအတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်လည်း စစ်ရေးတင်းမာနေကြောင်း၊ ထိုသို့ စစ်ရေးမတည်ငြိမ်မှုများကြောင့် နမ္မတူမြို့တွင်းသို့ ပြည်သူလူထု ခြောက်ရာကျော် စစ်ဘေးရှောင် ထပ်မံခိုလှုံရောက်ရှိလာကြောင်း နမ္မတူဒေသခံ စိုင်းခမ်းပန် ထံမှ သိရသည် ။


RCSS နှင့် TNLA ကြား တိုက်ပွဲများရပ်တန့်နိုင်ရေးနှင့် နှစ်ဘက်တပ်တင်းမာမှုများဖြေလျော့နိုင်ရေး အတွက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အလွတ်သဘောတွေ့ဆုံမှုများ ပိုမိုလိုအပ်နေသည်ဟု ပြည်ထောင်စု အင်စတီကျူ မန်နေဂျင်း ဒါရိုက်တာ ဦးခွန်စိုင်းကပြောသည်။


“ဒါကို သေချာကြည့်ရင် အချင်းချင်းနားမှုလွဲမှားတဲ့ကိစ္စတွေကြောင့်ဖြစ်တယ်။ နှစ်ဖက်စလုံးတွေ့ဆုံ ဖြေရှင်း နိုင်မယ်ဆိုရင် ဒီပြဿနာက ပြေလည်သွားမှာပါ။ ပဏာမတွေ့ဆုံပြီးတော့ပြောမယ်။ တွေ့တယ်ဆိုတာလည်း တရားဝင်လုပ်စရာမလိုဘူး။ အလွတ်သဘောများများတွေ့ဆုံဖို့လိုအပ်တယ်။ အဲလိုတွေ့ဆုံမှုတွေ မကြာခဏ လုပ်ရင် အဆင်ပြေသွားမယ်လို့မြင်တယ်” ဟု ၎င်းကပြောသည်။


လုံခြုံရေးအရ အဆင်ပြေသည့်နေရာတွင် ဆွေးနွေးရန်အဆင်သင့်ရှိနေကြောင်း TNLA ပြန်ကြားရေးမှူး တာအိုက်ကျော်က ပြောသည်။
“တရုတ်ပြည်၊ ပန်ဆန်း၊ မိုင်းလား တစ်နေနေရာမှာ တွေ့ဖို့အဆင်သင့်ရှိတယ်။ သူတို့ကလည်း ဒီချင်းမိုင်မှာပဲ အဆင်ပြေနေတယ်။ ချင်းမိုင်ကျတော့ ကျနော်တို့က NCA လက်မှတ်မထိုးထားတော့ လုံခြုံရေးမှာ အခက်အခဲရှိတယ်။ တွေ့ဖို့ နေရာ အဆင်ပြေရင်တော့ တွေ့ဖို့အဆင့်သင့်ပဲ” - ဟု၎င်းက ပြောသည်။


သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တအောင်းအမျိုးသားလွတ် မြောက်ရေး တပ်မတော်  TNLA   နှင့် သျှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင် စီ RCSS   တို့ကြားပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ က ကျောက်မဲတွင် ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၀၀ နီးပါးသည် ကျောက်မဲမြို့ထဲသို့ ထွက်ပြေးခိုလှုံနေရသည်။


အလားတူ နမ္မတူမြို့နယ်တွင်လည်း TNLA နှင့် RCSS တိုက်ပွဲတစ်ဖန်ပြန်ဖြစ်ပွားမည်ကို စိုးရိမ်ပြီး အနီးနားကျေးရွာများမှ ဒေသခံ ၁၄၀၀ ကျော်သည် မြို့ထဲသို့ ထွက်ပြေး လာကြောင်း နမ္မတူစစ်ဘေးရှောင် စခန်းတာဝန်ခံများထံမှသိရသည်။


ပြီးခဲ့သည် ၂၀၁၆ က RCSS နှင့် တအာင်းအမျိုးသားပါတီ TNP  တို့ တွေ့ဆုံညှိနှိုင်းမှုကို  မီဒီယာများတွင် TNP အနေဖြင့် ကြားဝင် ညှိနှိုင်းသည်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် သျှမ်းပြည်တောင်ပိုင်းရှိ စာသင် ကျောင်းကိစ္စရပ်များကိုသာ ဆွေနွေးခြင်းဖြစ်ပြီး TNLA နှင့် RCSS တို့၏ ပြဿနာကို ကြားဝင်ဖြေရှင်းခြင်း မဟုတ်ကြောင်း တာအိုက်ကျော်က ဆက်ပြောသည်။


“ချင်းမိုင်မှာသွားတုန်းက တွေ့တုန်းက TNP က ဒီတောင်ပိုင်းမှာ ကျောင်းဖွင့်ဖို့ ကိစ္စနဲ့သွားတာ။ မီဒီယာမှာတော့ TNP က ကြားဝင်ဖြေရှင်းပေးသလိုဖြစ်နေတယ်” ဟု ၎င်းကပြောသည်။


TNLA နှင့် RCSS တို့ အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့်  ပြည်သူလူထုကြားတွင် သျှမ်းနှင့်တအာင်း အချင်းချင်း သံသယဝင်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။


“ အဲ TNLA နဲ့ RCSS စစ်ပွဲကြောင့် သျှမ်းနဲ့တအာင်း တူတူနေတဲ့မြို့၊ ကျေးရွာဆိုရင် အနေအထိုင်က ခက်လာတယ်။ ယုံကြည်မှုတွေကင်းပြီးတော့ သံသယတွေလည်း ရှိလာကြတယ်။ လက်ရှိအခြေအနေတော့ ငြိမ်နေတယ်။ ဒါမဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုတွေကင်းမဲ့နေကြတယ်။ တအာင်း ကောင် လေးတွေကိုလည်း TNLA လို့ ထင်လာတယ်။ သျှမ်းလည်း တူတူပဲ။ ဒါက ရေရှည်မှာ ပိုဆိုးလာနိုင်တယ်” ဟု နမ့်ခမ်းမြို့ဒေသခံ နော်ဟိန်းက ပြောသည်။


TNLA နှင့် RCSS သည် ၂၀၁၅ နိုင်ဝင်ဘာလတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်ထိ တိုက်ပွဲပေါင်း ၁၁၆ ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။


RCSS သည် တနိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး လက်မှတ်ရေးထိုးသည့် စာချုပ်တွင် ပါဝင်ပြီး ၊ TNLA ကမူ ၀ တပ်ဖွဲ့ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ ပါဝင်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates