ပြည်ထောင်စုသဘောတူစာချုပ်ကို ဖြစ်စဉ်အရ သာ လက်မှတ်ထိုး- ရပ်တည်ချက် မပြောင်းလဲ RCSS/SSA ပြော



ပည်ထောင်စုသဘောတူစာချုပ်၏ အစိပ်အပိုင်း ၁ အဖြစ် လက်မှတ်ရေးချုပ်ဆိုရခြင်း ဖြစ်ပေမယ့်   ဖြစ်စဉ်အရ သာလက်မှတ်ထိုးရသည့်အနေအထားဖြစ်ပြီး ရပ်တည်ချက် ပြောင်းလဲမှု မရှိကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ပြောရေးဆိုခွင့်ရှိသူဒု-ဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။


ယနေ့ မေလ ၂၉ ရက်နေ့ မနက်ပိုင်း  နေပြည်တော် MICC-2 ခန်းမ၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ(ဒုတိယအကြိမ်) နောက်ဆုံးနေ့မှာကဏ္ဍအလိုက် အတည်ပြုထားသော သဘောတူညီချက်များအား ပြည်ထောင်စုသဘောတူညီချက်၏ အစိပ်အပိုင်းတစ်ခုအဖြစ် လက်မှတ်ရေးထိုးချုပ်ဆိုလိုက်ခြင်းဖြစ်သည်။


“တိုင်းရင်းသားလက်နက်ကိုင်ကြားမှာလည်းအားလုံးသိတဲ့အတိုင်း ၈ ဖွဲ့ရှိတယ်၊ ဒါမယ့် အားလုံးက သဘောတူသလားဆိုလည်း သဘောမတူဘူး၊ ဒါမယ့် ပြောသလိုဒီဖြစ်စဉ်လေးလဲမပြတ်ရအောင် ကျနော်တို့ကြားထဲမှာလည်း အချင်းချင်းနားလည်မှုတွေ လုပ်ရတဲ့ အနေအထားမှာရှိပါတယ်။ အလျှော့အတင်းလုပ်ရမယ့် အနေအထားမှာရှိပါတယ်၊ ဒီလိုကိုယ်စားပြုပြီးထိုးသွားတဲ့အတွက် ကျနော်တို့ရဲ့ ရပ်တည်ချက်ကိုမထိခိုက်ဘူးဒီဖြစ်စဉ်အရသာကျနော်တို့ကလက်ခံရတဲ့အနေအထားမှာရှိတယ်” ဟု ဒု-ဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။


ယခုညီလာခံသည် တတိယအကြိမ်ဖြစ်ပြီးပထမ နှင့် ဒုတိယအကြိမ်တွင် ရလဒ် ထွက်လာမှု အနေအထားမရှိသောကြောင့် အစိုးရအပါအဝင် တခြားအဖွဲ့အစည်းတွေဘက်ကလည်း ရလဒ်တစ်ခုခုထွက်ရှိလာနိုင်မည့်အနေအထားညှိနှိုင်းကြရကြောင်း ၄င်းက ပြောသည်။


“အားလုံးရှေ့ဆက်သွားနိုင်အောင်ပေါ့၊ ခုနနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းပြောသွားတယ် ဒီဟာကြီးကရှေ့ဆက်သွားဖို့လိုတယ် တစ်ခုခုချပြဖို့ လိုတယ်ဆိုတဲ့ ရလဒ်လေးပေါ့ ဒီတစ်ချက်ပါဘဲခုကျနော်တို့ ရပ်တည်ချက်မပြောင်းဘူး” ဖြစ်စဉ်အရအစုအဖွဲ့အလိုက် လုပ်ရခြင်းဖြစ်သောကြောင့် အစုအဖွဲ့ကြားနားလည်မှုနှင့် လုပ်ရပြီးတစ် ဘက်မှာ လည်း ဖြစ်စဉ်ကြီးရပ်တန့်မသွားအောင် မျှော်လင့်ကြကြာင်း၊ သျှမ်းလူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးမှု မပြုလုပ်ရသေးသဖြင့် ညီလာခံ၌ ဆွေးနွေးရမည့်အကြောင်းအရာ မရှိကြောင်း၊ညီလာခံမှ ထွက်လာသည့် ပြည်ထောင်စုသဘောတူစာချုပ်၏ အစိပ်အပိုင်းချုပ်ဆိုမည့် စာချုပ်ကိုလည်းလက်မှတ်ရေးထိုးရန် မရှိကြောင်း ၄င်း၏ ရပ်တည်ချက်ဖြစ်ကြောင်း  RCSS/SSA ၏ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA လွယ်တိုင်းလျန်း တွင် ကျင်းပသော ၅၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့တွင် ၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက်ပြီးကြေငြာချက်တစောင်ကိုပါထုတ်ပြန်ခဲ့ရာ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးသဖြင့် ၂၁ ရာစုပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်းဖော်ပြထားသည်။


နေပြည်တော်တွင်၅ ရက်တာ ကျင်းပ သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ဒုတိယ အကြိမ်ညီလာခံနောက်ဆုံးရက် မေလ ၂၉ ရက်မနက်ပိုင်း ၁၁ နာရီ က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ ကို စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြသည်။ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ တွင် – နိုင်ငံရေး ကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၂ ချက် ၊စီးပွါးရေး ကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၁ ချက်၊ လူမှုရေး ကဏ္ဍ မူဝါဒ သဘောတူညီချက် ၄ ချက်၊ မြေယာနှင့်သဘာဝ ပတ်ဝန်းကျင် က ဏ္ဍ မူဝါဒ သဘောတူညီချက် ၁၀ စုစုပေါင်း ၃၇ ချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး  လုံခြုံရေးပိုင်းတွင်မူ သဘောတူညီချက်မရရှိသေးပေ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates