တူမီးသေနတ်ဖြင့်ပစ်ခတ်ပြီး လူ ၁ ဦးသေ ၂ ဦးဒဏ်ရာရရှိစေခဲ့သူအား ရဲများအသေပစ်ဖမ်း



သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် အတွင်း  ဖြစ်ပွါးခဲ့သော တူမီးသေနတ်ပစ်ခတ် မှုကြောင့် ရွာသူတဦးသေ ဆုံးမှုမှ ပစ်ခတ်ခဲ့သူအား ဒေသတွင်းရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးရာ အသေဖမ်းဆီးရမိ ကြောင်းသိရသည်။


ဂျွန်လ ၁၀ ရက် မွန်းတည့်ချိန်က တူမီးသေနတ်ပစ်ခတ်မှုလက်သည် အသက် ၄၀ ဝန်းကျင်ရှိ  လုံးအိန္တာချန့်အား မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူတချို့က  လိုက်လံရှာဖွေရာ မိုးနဲမြို့အရှေ့ဘက်ရှိ နားလယ် ရွာတွင်တွေ့ရှိရာမှ ဖမ်းဆီးမိခဲ့ကြောင်း  မိုးနဲမြို့မ ရဲစခန်းမှ ဒုမြို့နယ်မှူးက  သျှမ်းသံတော်ဆင့် အားပြောပြသည်။

Photo: တူမီးသေနတ်ပစ်ခတ်သူ လုံးအိန္တာချန့်
“သူ့ကိုနားလယ်ရွာမှာသွားတွေ့တယ်။ သူ့ကိုခေါ်တယ်။ မရဘူး။ သူ့မှာရှိတဲ့တူမီးသေနတ်နဲ့ပစ်တယ်။ ကျနော်တို့အဖွဲ့ကနေပြီးတော့ သူ့ကို M-22 နဲ့ ပြန်ပစ်လိုက်တယ် သူသေသွားပြီ ၊ ကျနော်တို့ ဘယ်လို ဆက်လုပ်သွားမယ်ဆိုတော့ပြောလို့မရသေးဘူး အမှုတည်ဆောက်ရမယ်”- ဟု၎င်းကပြောသည်။


လုံးအိန္တာချန့်သည် ဂျွန်လ ၂ ရက်နေ့ ည ၈ နာရီ ခွဲဝန်းကျင်က အိမ်နီးနားချင်းများအား တူးမီး သေနတ်ဖြင့်ပစ်ခတ်ရာ  သျှမ်းလူငယ်ခေါင်းဆောင် တစ်ဦး ဒဏ်ရာရရှိပြီး ဒေသခံတစ်ဦး  ကျည်ဆံ ထိမှန်ကာ ဂျွန်လ ၅ ရက်နေ့က တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။


တူမီးသေနတ်ပစ်ခတ်သူ လုံးအိန္တာချန့်သည် စိတ်ကျန်းမာရေးမကောင်းသူတဦးဖြစ်ကြောင်းလည်း ဒေသခံများကပြောဆိုနေကြသည်။


ဂျွန် ၂ ရက်နေ့ ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်ပိုင်း လုံးအိန်တာချန့်မှာ ၄င်းအိမ်တွင်း နှစ်ရက်ခန့် နေထိုင်ပြီး မှ တခြားရပ်ရွာသို့ တိမ်းရှောင်သွားကြောင်း ထိုမှ ရဲများက လိုက်လံဖမ်းဆီးရာ တပတ်အကြာတွင်မှ အသေပစ်ဖမ်းခြင်းဖြစ်သည်။


၎င်းနှင့်ပတ်သက်ပြီး မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းလိန်က -  “ တရား ဥပဒေစိုးမိုးရေးမရှိသလို သက်ဆိုင်ရာ အဖွဲ့အစည်းကလည်း တာဝန်ခံ တာဝန် ယူချင်စိတ် လည်းအားနည်း တယ်။ အတွေ့အကြုံအတတ်ပညာလည်း အားနည်းတယ်။ နောက်ဆုးံတော့ အသေရရ ဆိုလို့ ပြည်သူ့စစ်ကလည်း တာဝန်ယူရတယ်။ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေဆိုတာ ဘယ်သူ့မှာတာဝန်ရှိလဲ ။ ၀န်ထမ်းဆိုတာ သက်ဆိုင်ရာ မြို့နယ်မှာတာဝန်ကျတယ်ဆိုတာ သက်ဆိုင်ရာ မြို့နယ်ရဲ့အကျိုးကိုရှေးရှုရမယ် လို့ ကျနော့အနေနဲ့ ဒီလိုပဲယုံကြည်ထားတယ် ။ ဒါပေမဲ့ အခုတော့ စဉ်းစားစရာတွေ အများကြီးဖြစ်လာပြီ”- ဟု ပြောဆိုသည်။


လုံးအိန္တာချန့်ပစ်ခတ်မှုကြောင့် အိမ်နီးချင်း ဒေါ်ပါ့ဆွေ ၊ စိုင်းထွန်းဦး နှင့် စိုင်းစွမ်ဆိုင်တို့ ဒဏ်ရာ အပြင်း အထန်ရရှိခဲ့ပြီး ဒေါ်ပါ့ဆွေမှာ တောင်ကြီးစဝ်စံထွန်းဆေးရုံတွင်  သေဆုံးသွားကြောင်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates