အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ နှင့် ဆက်ဆံရေးရုံးများအပေါ် တပ်မတော် အပေါ်စီးမှ ဆက်ဆံနေဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
ထိုင်း နိုင်ငံ ချင်းမိုင်မြို့ ၌ ယနေ့ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေး ရုံးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားစဉ် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ‘အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ နှင့် ဆက်ဆံရေးရုံးများ အပေါ် တပ်မတော် အပေါ်စီးမှ ဆက်ဆံနေ’ - ဟု ပြောကြားလိုက်သည်။
![]() |
ဓါတ်ပုံ- Amora Hotel တွင်ကျင်းပပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေး ရုံးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
|
လက်ရှိအနေထားတွင် တပ်မတော် က တပ်မတော်မူ ၆ ရပ်အတိုင်း သွားဖို့လုပ်ဖိအားပေးနေကြောင်း၊ တပ်မတော်မူ ၆ ရပ်သည် NCA သဘောတူစာချုပ် နှင့်သွေဖီနေကြောင်း၊ RCSS/SSA တွေ့ကြုံ ရသည့် ပြဿနာက တပ်မတော်က အဆိုပါမူ ၆ ချက် ကို စွဲကိုင်ပြီး ဖိအားပေးသည့်သဘော မျိုးဖြစ်နေ ကြောင်း လည်း ပြောသည်။
“အစိုးရ နဲ့ တပ်မတော်က ငြိမ်းချမ်းရေး ပြုလုပ်တဲ့နေရာမှာ လက်သီးဆုပ်ပြီးလုပ်နေတယ်။ လက်ဝါး ဖြန့်ပြီး လုပ်နေတာမဟုတ်ဘူး။ လက်ဝါးဖြန့်လာလို့ရှိရင် ကျနော်တို့ လက်ချင်းယှက် လာနိုင်မယ်။ မယှက်နိုင်သေးရင်တောင်မှ ဆွေးနွေးဖြေရှင်းကြမယ်။ ဒါမှ ကျနော်တို့ လက်တွဲလာနိုင်မယ်။ ကျနော်တို့ အားလုံး စိတ်ရှည်သီးခံပြီး စေတနာအပြည့်အနဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်သွားရပါမယ်” - ဟု လည်း ဗိုလ်ချုပ်ကြီးယွက်စစ်က တက်ရောက်သည့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး ဆက်ဆံရေးရုံးတာဝန်ခံများအားပြောကြားသည်။
ဂျွန် ၁၇-၁၈ ရက်နေ့ အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့ အာမိုလာဟိုတယ်တွင် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များမှ ဆက်ဆံရေး ရုံးကိုယ်စားလှယ်များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် ဆက်ဆံရေးကိုယ်စားလှယ်ရုံး စုစုပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ် ၆၀ ခန့် တက်ရောက်သည်။
Tags: News, politic




