ရှေ့ဆက်လက်တွဲအလုပ်လုပ်နိုင်ရန် သျှမ်းမီဒီယာအဖွဲ့အစည်းများတွေ့ဆုံမှုပြု



ရှ့ဆက် မီဒီယာလုပ်ငန်းများလက်တွဲဆောင်ရွက်သွားရန်အတွက် ပြည်တွင်းပြည်ပမှ သျှမ်းသတင်းမီဒီယာအဖွဲ့အစည်းများ  ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တွေ့ဆုံကာဆွေးနွေးမှုတရပ်ပြုလုပ်ခဲ့သည်။


သတင်းမီဒီယာအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးမှုကို တိုင်းရင်းသားအလုပ်သမားများအားကျန်းမာရေးပညာပေးရေး  MAP ဖောင်ဒေးရှင်းမှ ကမကထပြုကြ ဂျွန်လ ၂၂ နှင့် ၂၃ တွင်ပြုလုပ်ခဲ့သည်။


အဆိုပါတွေ့ဆုံပွဲသို့  Tai Freedom News/ Hsen Pai/ SHAN/ FM 99 Mhz/ SWAN/Tai TV/ Shan Youth Power Media/ Tai Huen Mai တို့အပြင် သျှမ်းပြည်လူထုသတင်း၊ သျှမ်းတိုင်းရင်းသားများအဖွဲ့ စသည့်အဖွဲ့အစည်းများမှကိုယ်စားလှယ်စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။


ဆွေးနွေးပွဲတွင် သျှမ်းမီဒီယာများ၏သျှမ်းအမျိုးသားရေးတာဝန် ၊ သျှမ်းသတင်း မီဒီယာအခန်းကဏ္ဍ၊ ရှေ့ဆက်လက်တွဲရမည့်လုပ်ငန်းစဉ်များ အစရှိခေါင်းစဉ်များကိုဆွေးနွေးခဲ့သည်။


FM 99 Mhz မှ ဒါရိုက်တာ စိုင်းဆိုင်မိန်းက - သတင်းကျင့်ဝတ်၊ သတင်းသမားများ ရင်းနှီးကျွမ်းဝင်မှု စတာတွေအပါအဝင် ပူးပေါင်းမှုတွေရရှိဖို့လိုတယ်။ ဒီကနေ့ခေတ်မှာ မီဒီယာဟာအရမ်းကို အရေးပါတယ်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအထောက်အကူပြုတယ်။ ပညာပေးမှု၊ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးအတွက် အရေးပါတဲ့ ကဏ္ဍ တခုဖြစ်တယ်။ အဲဒီမှာမှ မိမိတို့လူမျိုး ၊ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့ဟာ မီဒီယာရဲ့တာဝန်ဖြစ်တယ်။ ”-ဟုပြောဆိုသည်။


ယခုကဲ့သို့သော သျှမ်းသတင်းမီဒီယာအဖွဲ့များ တွေ့ဆုံမှုကို ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က တောင်ကြီးမြို့ ဆိန်ဆန်လွယ် မီဒီယာရုံးတွင် ပထမအကြိမ် ကျင်းပခဲ့ရာ  သျှမ်းမီဒီယာအဖွဲ့အစည်း အသီးသီးမှကိုယ်စားလှယ် ၂၂ ယောက် တက်ရောက်ခဲ့ကြသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates