မူစယ်- မန့်ဟီးရိုး ရေလမ်းကုန်သွယ်ရေး အဓိကကူးတို့ဆိပ်အား ဒေသခံလက်သို့ပြန်အပ်ရန် ပြည်သူ့စစ်တပ်ဖွဲ့အား ရွာသားများတောင်းဆို



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် နောင်ခိုရွာ ကူးတို့ဆိပ်တွင် လေလံအောင် အနိုင်ရထားသော မြို့မပြည်သူ့စစ်အဖွဲ့က စခန်းဆောက်နေသည့်အပေါ် ရွာသားများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြ ကြောင်း သိရသည်။


ကူးတို့ဆိပ်စောင့် ဂိတ်စခန်းထောင်ရန်အတွက် ၂၁ ရက်နေ့က နောင်ခိုကူးတို့ဆိပ်တွင် မြို့မ ပြည်သူ့စစ်မှ တဲနှင့်စခန်းများဆောက်လုပ်နေသည့်အပေါ် ဒေသခံများအားပြန်လည်လွှဲအပ်ပေးရန် လူထုကသွားရောက်ဆန့်ကျင်ဆန္ဒပြခဲ့ကြ ကြောင်း မန့်နောင်ခိုရွာသား စိုင်းဆွယ်ကဆိုပါသည်။


“ မြို့မပြည်သူ့စစ်က ရွာသားနာမည်သုံးပြီးလေလံဆွဲတယ်။ အနိုင်ရမှ ပြည်သူ့စစ်မှန်းသိတယ်။ အဲဒီနောက်မှာတော့ ၂ ဦး ၂ ဖက်အဆင်ပြေအောင် ရွာသားနဲ့ ပြည်သူ့စစ်တွေအကြိမ်ကြိမ် တွေ့ဆုံ တယ် ။ ဆွေးနွေးတယ် ။ သဘောတူညီမှုတော့မရခဲ့ပါဘူး။   ဒီကူးတို့ဆိပ်ကို ရွာကသား ကိုင်လာတာ နှစ်ပေါင်း ၇၀-၈၀ ရှိပြီလေ။ လမ်းတွေဘာတွေဖောက်တာက ရွာသား တွေရဲ့အင်အား နဲ့ဘဲလေ။ ခုမှ လက်နက်ကိုင်အဖွဲ့က လာကိုင်မယ် ပိုက်ဆံကောက်မယ်ဆိုတော့ ဘယ်သူမှ သဘောမတူ နိုင်ဘူး လေ။  ” - ဟု စိုင်းဆွယ့်ကဆိုပါသည်။


အဆိုပါကူးတို့ဆိပ်တွင် အခြေချ ချုပ်ကိုင်ရန် ပြီးခဲ့သည့်ဧပြီလ ၁၇ ရက်ကလည်း ပြည်သူ့စစ် အဖွဲ့ ဝင်တချို့လာရောက်နေထိုင်ခဲ့ဖူးသည်။ ထို့နောက်ရွာသားများအား သွားလာမှုရပ်ဆိုင်းရန် တားမြစ် ခဲ့သည်။ ရွာသားအင်အား ၃၀၀ ခန့် ဆန့်ကျင်ဆန္ဒပြမှုကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရာမှ ယခုတကြိမ် စခန်းပြန်လည်ဆောက်လုပ်လာခဲ့ခြင်းဖြစ်သည်။


ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် စိုင်းဆာမ်က- “ ဒီကူးတို့ဆိပ်ကိုကိုင်ဖို့အတွက် ကျနော်တို့ပြည်သူ့စစ် က တရားဝင်လေလံဆွဲပြီး  အနိုင်ရထားလို့ လာကိုင်တာဖြစ်တယ်။ ရွာသားတွေ အဆင်ပြေဖို့ အ တွက် အကြိမ်ကြိမ်သွားပြီး တွေ့ဆုံဆွေးနွေးပါတယ်။ စည်ပင်ကလည်းခေါ်ပြီးညှိနှိုင်းပေးတယ်။ ကျနော်တို့ ကိုရွာအတွက် အမြတ်ထဲက ၄၀ ရာခိုင်နှုန်းပေးဖို့လည်းပြောတယ်။ ရွာသားတွေက လက်မခံဘူး။ နောက် လုပ်ငန်းအတူ ပူးတွဲလုပ်ကိုင်သွားဖို့ ရတဲ့အမြတ်ထဲကတယောက်တဝက် ထည့်ပြီး ရွာရံပုံငွေထည့်မယ် ဆိုတာလဲ ဆွေးနွေးတယ်။ သဘောတူညီချက်တွေမရခဲ့ဘူး။ အမှန်ဆိုကျနော်တို့က ဧပြီလကတည်းက လုပ်ငန်းစရမှာ။အခုက  ၃ လတောင်လွန်လာပြီ လုပ်ငန်းကမစ နိုင်သေးဘူး။   သူတို့ပြောတဲ့ အရပ်သားနာမည်နဲ့လုပ်တယ်ဆိုတာက ကျနော့အမပါ နန်းရွှေမှုန်ပါ။ ”- ဟု ပြောသည်။


အစဉ်အလာအရ ဒေသတွင်းလူထုကပင် လေလံဆွဲပြီး တာဝန်ယူထိန်းချုပ်ခဲ့သည့် နောင်ခိုရွာ ကူးတို့ဆိပ်သည်  မူစယ်မြို့နှင့် မန့်ဟီးရိုးကို သွားလာဆက်သွယ်ကုန်ကူးသည့် နေရာဖြစ်သည်။


နောင်ခိုရွာသားများအတွက် ရေလယ်ကျွန်းတွင် လယ်ယာလုပ်ငန်းသွားလုပ်ကိုင်ဖို့အဓိကကျသည့် ကူးတို့ဆိပ်တခုလည်းဖြစ်ပါသည်။


“အရင်တုန်းကတော့ ကျနော်တို့ ရွာသားတွေ တခြားဒေသကိုသာရေးနာရေးသွားလာတဲ့အခါ၊ ရေလယ် ကျွန်းတွေမှာ အလုပ်သွားလုပ်တဲ့အခါ ကူးတို့အသုံးပြုခ မပေးရဘူး။ နောင်ခိုရဲ့တောင်ရွာ မြောက်ရွာ ကနေ တခြားကို သွားမယ်ဆိုရင် လူတယောက်ကို ကျပ် ၂၀၀ ကနေ ၃၀၀ အထိပေးရတယ်။ ဆိုင်ကယ် ဆိုရင် ကျပ် ၁၀၀၀။ ကားတွေဘာတွေဆိုရင် ၅၀၀၀ လောက်ပေးရတယ်။ အခုတော့ ပြည်သူ့စစ်ကိုင်ရင် ဘယ်လောက်ဈေးနှုန်းဖြစ်လာမလဲမသိဘူး။ သွားလာရေးကော်အရင်ကလိုလွယ်ကူမလားပေါ့နော်။  အဲ့ကြောင့် ဒေသခံလူထု လက်ထဲဘဲ ပြန်လွဲပေးစေချင်တာ။” –  ဟု ရွာသားစိုင်းနွံကလည်း ပြောသည်။


နောင်ခိုကူးတို့ဆိပ်လေလံအား ယခုနှစ်ဆန်းပိုင်းက မြို့နယ်စည်ပင်က ခေါ်ယူရာ ဒေသတွင်းလူထုနှင့် ဒေါ်နန်းရွှေမှုန်အမည်ဖြင့်မြို့မပြည်သူ့စစ်တပ်ဖွဲ့တို့က အပြိုင်လေလံဆွဲခဲ့ရာ ကျပ် ၉၅ သိန်းဖြင့် ပြည်သူ့စစ်ဘက်ကအနိုင်ရခဲ့သည်။ ယခင်နှစ်ကမူ ကျပ် ၂၈ သိန်းဖြင့် ဒေသတွင်းလူထုအချင်းချင်းယှဉ်ပြိုင်အနိုင်ရခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates