ဂျွန်လ ၂၆ ရက် မူးယစ်တိုက်ဖျက်ရေးနေ့ သျှမ်းပြည်တွင်းဒေသအသီးသီးတွင် မူးယစ်မီးရှို့သည့် အခမ်းအနားကျင်းပ



ဂျွန်လ ၂၆ ရက်နေ့တွင်ကျရောက်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် သျှမ်းပြည်တွင်းရှိ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထိမ်းအမှတ် မီးရှို့ဖျက်ဆီး ပွဲကျင်းပခဲ့ကြရာ SSPP/SSA  ဌာနချုပ်ဝမ့်ဟိုင်းတွင်လည်း မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီး ပွဲတရပ် ကျင်းပခဲ့သည်။


သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ၀မ့်ဟိုင်းအုပ်စု တွင် ၄ နှစ်အတွင်းဖမ်းမိမူးယစ် ဆေးဝါးများ မီးရှို့ ဖျက်ဆီးပွဲကို နံနက် ၉ နာရီခွဲကစတင်ပြီး ၁၁ နာရီအချိန်တွင်ပြီးဆုံးခဲ့ကြောင်းသိရသည်။

SSPP/SSA  ဌာနချုပ်ဝမ့်ဟိုင်းတွင်ကျင်းပသော မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့်အခမ်းအနား
သျှမ်းပြည်နယ်မြို့တော်တောင်ကြီးတွင်ကျင်းပသော မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့်အခမ်းအနား
“ ၂၀၁၄ ကနေ ၂၀၁၇ အထိ SSPP/SSA ကနေ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကိုမီးရှို့ဖျက်ဆီးတယ်။ တက်ရောက်တဲ့လူထု ၁၃၀၀ ကျော်ရှိပါတယ်။ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဒုတိယဥက္ကဌ ၁ ဗိုလ်ချုပ်ခွန်ဆိုင်ကနေ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးရခြင်းအခမ်းအနား ကျင်းပရခြင်း အကြောင်းကို ပြောကြား တယ်။ ” - ဟု ၀မ့်ဟိုင်းရောက် သျှမ်းသံတော်ဆင့်သတင်းထောက် ယေ့ဆိုင်ကော်က ပြောသည်။


ဂျွန်လ ၂၆ ရက်နေ့မနက်ပိုင်းက SSPP/SSA မှ မီးရှို့ဖျက်ဆီးလိုက်သော မူးယစ်ဆေးဝါးမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ အထိ ဖမ်းဆီးရမိသော ယာဘအပြားပေါင်း ၉ သိန်းကျော်၊ ဘိန်းဖြူ ၁၄၀ ကီလို၊ ဘိန်းမဲ ၁၆ ပိသာကို  ၀မ့်ဟိုင်းအုပ်စု ပါခီးလမ်းခွဲ ပါခီး အခြေခံမူလတန်းကျောင်းဘောလုံးကွင်း တွင် မီးရှို့ ဖျက်ဆီးခြင်းဖြစ်သည်။


၎ နှစ်အတွင်း SSPP/SSA မှ ဖမ်းဆီးရမိသော  ယာဘ အမှုပေါင်း ၁၃၈ မှု၊ ဘိန်းဖြူ ၂၀ မှုနှင့် ဘိန်းမဲ ၅ မှုရှိကြောင်း၊ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်အတွင်း SSPP/SSA နှင့် အစိုးရတပ်မတော်ကြား ပစ်ခတ်တိုက်ခိုက်မှုများရှိသဖြင့် မူးယစ် တိုက်ဖျက်ရေးလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဆောင်လိုက်ရ ကြောင်းလည်း  ၀မ့်ဟိုင်းရှိ တာဝန်ရှိ ပုဂ္ဂိုလ် ကပြောဆိုသည်။


သျှမ်းပြည်မြို့တော် တောင်ကြီးတွင်မူ  သျှမ်းပြည်နယ်အစိုးရ၊ တပ်မတော်နှင့် သျှမ်းပြည်တောင်ပိုင်း မူးယစ် ဆေး ဝါးတိုက်ဖျက်ရေးလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ( ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်သူ့စစ်၊ RCSS/SSA )စုပေါင်းပြီး သျှမ်း+ကယား အဆင့်  မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ ပမာဏတန်ဖိုး ကျပ်သန်းပေါင်း ၁၉၅၃၃၉ သန်းကျော် (အမေရိကန် ဒေါ်လာတန်ဖိုး ၁၄၃ သန်းကျော်) ကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနား တရပ်ကျင်းပခဲ့သည်။


ဂျွန်လ ၂၆ ရက်နေ့တွင် ၀မ့်ဟိုင်းဌာနချုပ်အပြင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏  မိုင်းပေါက် ၊  NDAA-ESS အထူးဒေသ ၄  ဌာနချုပ် မိုင်းလားတို့တွင်လည်း မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့်အခမ်းအနားကျင်းပခဲ့ ကြောင်း သိရပါသည်။


မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းဆက်တိုက်လုပ်ဆောင်လာသော တအာင်းTNLA တပ်ဖွဲ့မှလည်း မူးယစ်ဆေးမီးရှို့ဖျက်ဆီးသည့်အခမ်းအနားကျင်းပမည်ဟု ကြေငြာချက်ထုတ်ပြန်ထားသော်လည်း ကျင်းပပြုလုပ်မည့်နေရာနှင့်အချိန်ကိုမူ သျှမ်းသံတော်ဆင့်မှ အတည်ပြုချက်မရရှိခဲ့ပေ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates