ပြည်ထောင်စုသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးသည့် နိုင်ငံရေး ပါတီအစုအဖွဲ့ ကိုယ်စားပြုနှစ်ဦးသည် နိုင်ငံရေးပါတီ ၂၃ ခု မှ ရွေးချယ် သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များမဟုတ်ဟု SNLD ထုတ်ပြန်ပြောဆို
နပြည်တော် တွင်ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ (ဒု-အကြိမ်) အစည်းအဝေးတွင် လုပ်နည်းလုပ်ဟန် တိမ်းစောင်းမှုများရှိနေသည်ဟု သျှမ်းတိုင်းရင်း သားများ ဒီမိုကရေ စီအဖွဲ့ချုပ် SNLD ကျားခေါင်းပါတီ က သတင်းထောက်များအား ဖိတ်ခေါ်ပြောကြားလိုက်သည်။
အဆိုပါ လုပ်နည်းလုပ်ဟန် တိမ်းစောင်းမှု ဆိုသည့်နေရာတွင် အစုအဖွဲ့ ၅ ဖွဲ့ ရှိသည့်အနက် နိုင်ငံရေးပါတီ အစုအဖွဲ့အနေဖြင့် သဘောတူညီချက် ရရှိခြင်းမရှိသကဲ့သို့ ပြည်ထောင်စု သဘောတူညီချက် ၃၇ ချက် ထွက်ရှိလာခြင်းသည် မည်သည့် ပုံစံဖြင့် ထွက်ရှိလာခြင်းဖြစ်ကြောင်း နှင့် ခေါင်းဆောင်အချင်းချင်း တိကျ သည့် လမ်းညွှန်ထားမှု မရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်ကပြောသည်။
![]() |
photo credit to Hsen Pai Journal |
“နိုင်ငံရေးပါတီကို ကိုယ်စားပြုပြီး လက်မှတ်ထိုးလိုက်တဲ့ နှစ်ယောက်၊ သူတို့ နှစ်ယောက်ကို ပါတီ ပေါင်း ၂၃ ပါတီရဲ့ mandate လုပ်ပိုင်ခွင့် ရထားတာမဟုတ်ဘူး၊ အဲ့တော့ အားလုံးကို ကိုယ်စား ပြုပြီး လက်မှတ်လာ ထိုးလိုက်တယ်၊ သူတို့ နှစ်ယောက်ရဲ့ ကိုယ်စားပြုမှု ကဘယ်လောက်ခိုင်မာ မှုရှိလဲ မေးစရာမေးခွန်းဖြစ် လာတယ်” - ဟု စိုင်းလိတ်ကပြောသည်။
NCA မူအရ အပိုဒ်ကြီး ၆(၂) တွင်ပါရှိသည့် အစုအဖွဲ့ တစ်ခုချင်းစီ၏ ရ၅% ကျော်သည့် ထောက်ခံမှု ရရှိရ မည်ဖြစ်ပြီး တက်ရောက်လာသည့် အစုအဖွဲ့ အားလုံး နှင့် လူကြီးလူကောင်း တို့၏ ရ၅% ၏ထောက်ခံမှု ရရှိမှသာလျှင် အတည်ဖြစ်ကြောင်း ပြဌာန်းထားသည်။
“NCA အချက်ထဲကလည်း ကွဲလွဲနေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီတိုင်းဘဲ ပြည်ထောင်စု သဘောတူညီချက်ကို ဒီပုံစံမျိုးတိုင်းဘဲ နောက်ခါနောက်ခါ ထပ်လုပ်သွားမယ်ဆိုလို့ရှိရင် ကျနော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးဟာ ခိုင်မာနိုင်ပါ့မလား၊ နောက်ဒီလိုမဖြစ်ရအောင် ဒီထက်ပိုပြီး ခိုင်မာမှုရှိတဲ့ ပုံစံမျိုးကို ကျနော်တို့ ဘယ်လိုဖန်တီးယူကြမလဲ ဆိုတာကို စဉ်းစားနိုင်ဖို့အတွက် သတင်းစာ ရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်ပါတယ်၊ ဒါကျနော်တို့ သဘောထားပါ” ဟု ၄င်းက ဆက်ပြောသည်။
ဂျွန်လ ၁ ရက် နေ့ခင်းပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကိုးမိုင်ရှိ ကျားခေါင်း ပါတီ ရုံးချုပ် တွင် ကျားခေါင်းပါတီ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်၊ စိုင်းလိတ် နှင့် စိုင်းကျော်ညွန့် တို့က သတင်းမီဒီယာများအားဖိတ်ခေါ်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ခေါင်းဆောင်အချင်းချင်းတိကျသည့် လမ်းညွှန်ထားမှုမရှိခြင်းသည် UPDJC ၌ ဆွေးနွေးညှိနှိုင်းသည့် ချိန်တွင် အခက်အခဲဖြစ်စေကြောင်း ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ကပြောသည်။
“အဲ့လိုအခက်ခဲတွေ ကျော်လွန်နိုင်အောင် ခေါင်းဆောင်အချင်းချင်းအနေနဲ့ ဘယ်လိုပုံစံမျိုးက လုပ် မယ် ဘယ်လိုပုံစံက လက်မခံနိုင်ဘူးဆိုတဲ့ တိတိကျကျလမ်းညွှန်မှု ပြုနိုင်မှသာလျှင် အောက် ခြေ ကလည်း ပိုပြီးမှ လွယ်ပါလိမ့်မယ် အခုက မူဘောင်ကို ကျော်ပြီးလုပ်ရမလား မူဘောင်နဲ့ ကိုက်မှ ကိုက်ပါ့မလားဆိုတာနဲ့ စဉ်းစားနေရတယ်၊ ဒါကြောင့်မို့လို့ တိကျတဲ့ လမ်းညွှန်မှုတွေ လိုအပ်ပါတယ်၊ တိကျတဲ့ မူဘောင်တွေကို ကျနော်တို့ အရင် ပြုစုဖို့ လိုအပ်ပါတယ်၊ မူဘောင်တွေ မပြီးသေးဘဲနဲ့ ပွဲကို အရှေ့ထားပြီးတော့မှ လုပ်နေမယ်ဆိုလို့ရှိရင် ဒါရေရှည်တွက် မကောင်းနိုင်ပါဘူး” ဟု ၄င်းကပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ (ဒုတိယအကြိမ်) ညီလာခံမှာ မေလ ၂၄ ရက်မှ ၂၉ ရက်နေ့ထိ ကျင်းပပြီး နောက်ဆုံးနေ့တွင် အစိုးရအစုအဖွဲ့ ၊ တပ်မတော် အစုအဖွဲ့၊ နိုင်ငံရေး ပါတီ အစု အဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစုအဖွဲ့ - စသည့်အစုအဖွဲ့များ၏- ကိုယ် စားလှယ် များက ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း အပိုင်း ၁ ပါ သဘောညီချက် ၃၇ ချက် ကို သဘောတူလက် မှတ်ရေးထိုးခဲ့သည်။
Tags: News, politic


