နမ့်ဆိုင်ချောင်းရေကြီး တာချီလိတ်မြို့တွင်း ရေလျှံ ဘတ်သန်းချီဆုံးရှုံး



သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ထိုင်းမြန်မာနယ်စပ်ခြား နမ့်ဆိုင်ချောင်းရေကြီးမှုကြောင့် တာချီလိတ်မြို့တွင်းရပ်ကွက်တော်တော်များများ ရေလျှံလျက်ရှိကြောင်းသိရသည်။


နမ့်ဆိုင်ချောင်းမကြီး ရေကြီးမှုကြောင့် ချောင်းငယ်လေးများဖြစ်သော နမ့်မယ့်ခေါင်ဝ် ၊နမ့်ဟွေ့ယုံးချောင်း ငယ်လေးများ ရေလျှံကာ တာချီလိတ် - မယ်ဆိုင်တံတားအနီး တာချီလိတ်မြို့ တာလော့ဈေးအပါအဝင် ပုံးထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်းရပ်ကွက်၊ မယ်ခေါင်ဝ်ရပ်ကွက်တို့တွင် ရေကြီးရေလျှံ ခဲ့သည်ဟုသိရသည်။

ဓါတ်ပုံ- နမ့်ဆိုင်ချောင်းရေလျှံ တာချီလိတ် တာလော့ဈေးအတွင်းရေဝင်နေသည့်ပုံ (ဓါတ်ပုံ- ကွန်းမိန်းလီ)
နမ့်ဆိုင်ချောင်းဦးတွင် လယ်ယာစိုက်ပျိုးရေးအတွက် ရေသွင်းရန် တမံတုတ် ဆည်ဖို့သဖြင့် မိုး ၃-၄ ရက် အဆက်မပြတ်ရွာသွန်းပါက ရေလျှံမှုဖြစ်ပွါးရခြင်းဖြစ်ကြောင်း၊ တဖက်တွင်လည်း သစ်ပင်သစ်တော များခုတ်ဖြတ်မှုကြောင့်ဖြစ်ကြောင်း တာချီလိတ်မြို့ မယ့်ခေါဝ်ရပ်ကွက်သား စိုင်းဆိုင်က ပြောသည်။


မိုးတွင်းကာလ မယ့်ဆိုင်ချောင်းရေနှစ်စဉ်ရေလျှံမှုဖြစ်ပွါးကြောင်း၊ ယခုနှစ်လည်း ရေကြီးရေလျှံမှုကြောင့် တာချီလိတ်တွင် ဘတ်ငွေသန်းပေါင်းများစွာဆုံးရှုံးဖွယ်ရှိကြောင်း၊ လူသူထိခိုက်သေဆုံးမှုတော့ မရှိကြောင်း၊ ၂၅ ရက်နေ့ခင်းပိုင်းတွင်မူ ရေအနည်းငယ် ကျဆင်းသွားပြီဖြစ်သော်လည်း ရွံ့များ နွံ့များ ရှင်းလင်းဖို့ရန်ရှိနေကြောင်း ဈေးသည်များပြောပြချက်အရသိရသည်။


အလားတူ မဲခေါင်မြစ်ရေကြီးမှုကြောင့် ချောင်းငယ်မြောင်းငယ်များရေလျှံကာ တာချီလိတ်မြို့နယ် ကျိန်းလပ် မြို့နယ်ခွဲအတွင်း ရပ်ရွာများ လမ်းတံတားများ ရေလျှံကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ရှိခဲ့ကြောင်း တာချီလိတ်ရောက် ကျိန်းလပ်ရွာသားကပြောသည်။


၂၀၁၅ ခုနှစ်ကလည်း ကျိန်းလပ်မြို့နယ်ခွဲတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်၂၁ လုံးရေနှင့်ပါသွားကာ တံတား ၉ စင်းပျက်စီးပြီး လယ်ယာမြေ ဧကပေါင်း ရ၀၀ ပျက်စီးခဲ့ပြီး ဒေသခံ ၂ ဦး လည်း ရေနှင့် အတူ မျောပါသေဆုံးကာ ၃ ဦးဒဏ်ရာရှိခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates