JMC အဆင့်ဆင့်တွင်ပါဝင်သောအရပ်သားကိုယ်စားလှယ်များတွေ့ဆုံပွဲအခမ်းအနား ပထမအကြိမ်ကျင်းက



JMC အဆင့်ဆင့်တွင်ပါဝင်သောအရပ်သားကိုယ်စားလှယ်များတွေ့ဆုံပွဲအခမ်းအနား ပထမဆုံးအကြိမ်ကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် ၂ ရက်သာကျင်းပခဲ့ပါသည်။


ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအတွက်ဖွဲ့စည်းထားသော JMC မှ ဒေသအဆင့်၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် မှ အရပ်သားကိုယ်စားလှယ်များသီးသန့်ဆွေးနွေးပွဲကို ဂျူလိုင်လ ၂၀ နှင့် ၂၁ တွင်ကျင်းပရာ လူအင်အား ၃၀ ခန့်ရှိကြောင်း ဒေသအဆင့် JMC လင်းခေးခရိုင်လင်းခေးမြို့နယ်မှ အရပ်သားကိုယ်စားလှယ် စိုင်းဘဟန်က သျှမ်းသံတော်ဆင့်အားပြောသည်။


အရပ်သားကိုယ်စားလှယ်တွေ စစချင်းတွေ့ဆုံတဲ့ တွေ့ဆုံပွဲဖြစ်တဲ့အတွက် ထွေထွေထူးထူးကြီးဆွေးနွေးပြီးဆုံးဖြတ်ချက်ချတာမျိုးတော့မရှိဘူး။ ဒါပေမယ့် ပဲခူး၊ ထားဝယ်၊ သျှမ်း အစရှိ ဒေသအသီးသီးကလာတဲ့ ကိုယ်စားလှယ်တွေက မိမိတို့ကြုံတွေ့ရတဲ့ ဒေသတွင်းအနေအထားတွေ အခြေအနေတွေကို ရှင်းပြကြတယ်။ ရှေ့ဆက်မှာ လက်တွဲလုပ်ဆောင်ဖို့ဘာတွေရှိမယ်စတာတွေ ဆွေးနွေးကြတယ်။


ဒီတွေ့ဆုံပွဲကနေ ကျနော့အတွက်ရရှိတဲ့ အကျိုးကျေးဇူးတခုကတော့ ကျနော်တို့ဟာ ငြိမ်းချမ်းရေးစောင့်ကြည့်ဖို့ လူထုကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ဖြစ်တဲ့အတွက် ကျနော်တို့ လုပ်ရမယ့်ဟာကိုများများလေ့လာရမယ်။  ငြိမ်းချမ်းရေးအတွက်ဘာလုပ်ရမလဲဆိုတာကို ပိုမိုသိရှိနားလည်လာတယ်။ သိလာတဲ့ဟာကို ဒေသတွင်း လူထုနဲ့ သွားတွေ့ဆုံပြီး ရှင်းလင်းပြသဖို့ အဓိက ဖြစ်တယ်။ တလတခါ လူထုနဲ့တွေ့ဆုံသွားဖို့ရှိပါတယ်။- ဟု လင်းခေးမြို့မှ အရပ်သားကိုယ်စားလှယ် စိုင်းဘဟန်ကပြောသည်။


အရပ်သား၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် အစိုးရကိုယ်စားလှယ်တို့ ၃ ဘက် ၃ တန် လက်တွဲကာ အပစ်ရပ်ငြိမ်းချမ်းရေးစောင့်ကြည့်ဖို့အတွက် JMC ကို ပြည်ထောင်စုအဆင့် ၊ ပြည်နယ်အဆင့်၊ ဒေသအဆင့်ဟူ၍ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ဖွဲ့းစည်းခဲ့သည်။ သျှမ်းပြည်အတွင်း JMC-S ရုံးကို ရလခ တိုင်းရုံးအခြေစိုက် ခိုလမ်တွင်လည်းကောင်း ၊ JMC-L ရုံးကို လင်းခေးခရိုင်လင်းခေးမြို့နယ်တွင်လည်းကောင်း ဖွင့်လှစ်ထားသည်။ ယမန်နှစ်နှောင်းပိုင်းက ကျင်းပပြုလုပ်သော JMC အစည်းအဝေးအရ JMC-L ရုံးများကို ၁၀ ခုအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းဆွေးနွေးဆုံးဖြတ် ထားသည်ဟုသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates