CSSU ရဲ့အစည်းအဝေးကို မြန်မာအစိုးရရဲ့စစ်သံမှူးပိတ်ပင်လိုက်တာဟာ ခိုင်လုံတဲ့အကြောင်းပြချက်မရှိ CSSU ဥက္ကဌပြော



မန်မာအစိုးရရဲ့ စစ်သံမှူး က မြန်မာကောင်စစ်ဝန်ရုံးကနေ CSSU အစည်းအဝေးမကျင်းပဖို့ တားမြစ်လိုက်တာဟာ  ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူးလို့  သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ဥက္ကဌက ပြောဆိုလိုက်ပါတယ်။


အစည်းအဝေးကျင်းပဖို့ အဆင်သင့်ဖြစ်နေချိန်မှာ မြန်မာစစ်သံမှူးကနေ CSSU ကို အခုလို ပိတ်ပင်လိုက်တဲ့အတွက် ကျနော်တို့အားလုံး စိတ်ထိခိုက်ရတယ်။ သို့ပေမယ့်လည်း မေးစရာ က  ၂ချက်ရှိနေတယ်။ CSSU ရဲ့လုပ်ဆောင်ချက်က ငြိမ်းချမ်ရေးကို ထိခိုက်စေတယ်ပျက်ပြားအောင်လုပ်တယ်လို့ သူတို့ပြောတာက ဘယ်လိုအကြောင်းတွေနဲ့ကိုင်ပြီးပြောသလဲ။ ကျနော်တို့ရဲ့ ဆက်ဆံရေးရုံးတွေက နေရာတိုင်းမှာရှိတယ်။ တပ်မတော်အနေနဲ့ ကျနော်တို့ဆက်ဆံရေးရုံးကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။  နောက်တခုက သူတို့ပြောလာတဲ့ CSSU ထဲမှာ NCA လက်မှတ်မရေးထိုးတဲ့အဖွဲ့ ပါတယ်ဆိုတာက SSPP/SSA တဖွဲ့ပါပါတယ်။


ဒါပေမယ့် SSPP/SSA အနေနဲ့ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ UNFC နဲ့လည်း အမြဲတမ်း ပူးပေါင်းပါဝင်လာတာ တွေ့ရတယ်။ ဒါကို ငြိမ်းချမ်းရေးကို ဆန့်ကျင်တယ်ဆိုတာ ဘယ်အကြောင်းပြချက်နဲ့ ပြောလိုက်တာလဲ။ တပ်မတော်နဲ့ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကလည်း DPN နဲ့ အမြဲတွေ့ဆုံနေတယ်။ UNFC နဲ့အမြဲတွေ့ဆုံနေတာဘဲ။ ငြိမ်းချမ်းရေးကို ဆန့်ကျင်တယ်ဆိုတာ ဘယ်အကြောင်းပြချက်နဲ့လဲ ။ ဆိုတော့ ကျနော်တို့ကို NCA လက်မှတ်မထိုးတဲ့အဖွဲ့ပါလို့ ငြိမ်းချမ်းရေးကို ဆန့်ကျင်နေတာ။ အဲ့တာကြောင့်ပိတ်ပင်တယ်ဆိုတာကတော့ ခိုင်မာတဲ့အကြောင်းပြချက်မဟုတ်ဘူး- လို့ CSSU ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဂျူလိုင်လ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။


အခုကျင်းပမယ့် CSSU ညီလာခံဟာ လျှို့ဝှက်ပြီး လုပ်ဆောင်နေတာမဟုတ်ဘဲ ပြုလုပ်ခွင့်တောင်းပြီးတော့မှ လုပ်တာဖြစ်ကြောင်း၊ တပ်မတော်ဘက်ကနေ ထိုင်းနိုင်ငံ မြန်မာနိုင်ငံသံရုံးကို တားမြစ်ပိတ်ပင်ဖို့ စာရေးအကြောင်း ကြား လာတဲ့အပေါ်  မြန်မာအစိုးရအနေနဲ့လည်း အကြောင်းမသိဘူးလို့ ပြောဆိုတဲ့အပေါ်  သံသယဖြစ်ဖွယ်ရှိနေကြောင်း CSSU ဥက္ကဌက ပြောပါတယ်။


CSSU ရဲ့အစည်းအဝေးကို ဂျူလိုင်လ ၂၀ ရက်ကနေ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (သို့) ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်ကို ပြန်လည်သုံးသပ်ဖို့နဲ့ CSSU ရဲ့ မူဘောင်ကို ပြန်လည်ပြင်ဆင်ဖို့ စတာတွေကို ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates