တီကျစ်ကျောက်မီးသွေးဓါတ်အားစက်ရုံမှ စွန့်ပစ်ပြာများဖြင့်လမ်းခင်းနေမှုအပေါ် လူထုကျန်းမာရေးအတွက် လူမှုအသင်းအဖွဲ့စိုးရိမ်



သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စုရှိ တရုတ်ကုမ္ပဏီမှ လုပ်ခွင့်ရထားသည့် ကျောက်မီးသွေးစက်ရုံမှ စွန့်ပစ်ပြာများကို ကျေးရွာအတွင်း လမ်းခင်းပေးနေခြင်းမှာ လူထုနှင့်တိရစ္ဆာန်များ၏ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ရကြောင်း လူမှုအခြေပြု အသင်းအဖွဲ့က ပြောဆိုလိုက်ပါသည်။


တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပင်လောင်းမြို့၏ မြောက်ဘက်တွင်တည်ရှိပြီး ကျောက်မီးသွေးမှ စွန့်ပစ်ပြာများကို ပင်လောင်းမြို့နယ် သာယာကုန်းရွာ အပါအဝင် အခြားကျေးရွာ နှစ်ရွာကို လမ်းခင်းပေးနေခြင်းဖြစ်ကြောင်း မြန်မာလူထုမဟာမိတ် (သျှမ်းပြည်) က ကိုမိုးက ပြောသည်။


“အဓိက ကျနော်ပြောချင်တာက လမ်းခင်းပေးဖို့ ရွာသူရွာသားတွေက ဘယ်လောက်ဘဲတောင်းတောင်း အဓိကက ဒီပြာတွေမှာ ဘယ်လောက်ထိသန့်ရှင်းသလဲ လူတွေကို ဘယ်လောက်ထိ ဒုက္ခဖြစ်စေသလဲ၊ အဓိက သူတို့ရိုးသားရမယ်။ ဒီဥစ္စာ အန္တရာယ်မရှိဘူးဆိုတာ ဘယ်သူက တာဝန်ခံမလဲ ။ ရွာသားတွေ ကတောင်းလို့ သူတို့ခင်းပေးတယ်ဆိုတဲ့ ပုံစံမျိုးပြောနေတယ်။ ရွာသားတွေက လမ်းခင်းဖို့တောင်းတာ သူတို့ တကယ်စေတနာရှိရင် ဒီပြာတွေနဲ့မခင်းပေးသင့်ဘူးလေ ” ဟု မြန်မာလူထုမဟာမိတ် (သျှမ်းပြည်) မှ ကိုမိုး ကပြောသည်။


မြန်မာအစိုးရသည် တီကျစ်ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားထုပ်လုပ်ရေးကို တရုတ်နိုင်ငံ ဝှုရှီးကွာဟမ်း ကုမ္ပဏီအား ၂၂ နှစ်ကြာ ငှားရမ်းလုပ်ကိုင်ခွင့်ပေးလိုက်ပြီး ၂၀၀၅ ခုနှစ်တွင်လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။


သို့သော် ၄င်းစက်ရုံလည်ပတ်မှုနှင့်ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင်ပြုလုပ်သည့် EIA မှ လူထုသို့ ရှင်းလင်းပွဲတွင် လူထု နှင့် အရပ်ဘက်အဖွဲ့အစည်းက ဝိုင်းဝန်းကန့်ကွက်သဖြင့် စက်ရုံလည်ပတ်ရေး ရပ်တန့်ခဲ့ရသည်။


“ ၂၀၁၇ မေလ လောက်မှာတော့ EIA စစ်တမ်းထပ်ကောက်ဖို့ဆိုပြီးတော့မှ စက်ရုံကို စမ်းသပ်လည်ပတ်ဖို့ သျှမ်းပြည်နယ်အစိုးရ လျှပ်စစ်ဝန်ကြီး ပြောရေးဆိုခွင့် ရှိတဲ့ ဦးဆွေသိန်းကနေပြီး ခွင့်ပြုလိုက်တယ်။ ၁ နှစ်ခွင့်ပြုလိုက်တယ် ။ စောင့်ကြည့်ရေးအဖွဲ့ဆိုပြီးမှလည်း ဖွဲ့တယ်။ ဒါပေမယ့် အဲ့ဒီမှာ ဘယ်သူတွေ ပါဝင်ပြီးတော့မှ ဘယ်သူတွေက စောင့်ကြည့်တယ်ဆိုတာ ဘယ်သူမှ မသိရဘူး။ ဘာကိုစောင့်ကြည့်မယ် ဆိုလည်း မပါဘူး။ အဲ့တော့ စဉ်းစားစရာကောင်းတာပေါ့နော်” ဟု ကိုမိုး ကပြောသည်။


၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် EIA လုပ်ထုံးလုပ်နည်းဆိုင်ရာ ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ၄င်း ဥပဒေ နှင့် ညီညွတ်မှု မရှိကြောင်း သိရသည်။ အဆိုပါစက်ရုံအား ၂၀၀၁ ခုနှစ်တွင်စတင်တည်ဆောက်ပြီး ၂၀၀၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည်။


Photo: ကျောက်မီးသွေးပြာများဖြင့်လမ်းခင်းထားပုံ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates