ရပ်ရွာအတွင်း အစိုးရတပ်မတော် တရားမဲ့ သေနတ်ပစ်ခတ်မှု လွှတ်တော်အတွင်း လားရှိုးအမျိုးသားလွှတ်တော်အမတ် တင်ပြမည်



သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ် အီနိုင်းရွာမှာ စခန်းချနေတဲ့ အစိုးရတပ်မတော်ရဲ့ စစ်ကြောင်း လုံခြုံရေး ကား ၂ စီးကနေ ရွာအတွင်းဖြတ်သွားတဲ့ ဖိုးဝှီးကား ၂ စီးကိုပစ်ခတ်လို့ ဒေသခံရွာသား တွေရဲ့ နေအိမ် ထိခိုက်ပျက်စီးခဲ့ရတဲ့ကိစ္စ လားရှိုးခရိုင်အမျိုးသားလွှတ်တော်အမတ်က လွှတ်တော်အတွင်း တင်ပြသွား မယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ သြဂတ်စ်လ ၈ ရက်နေ့ ညနေ ၅ နာရီက ပစ်ခတ်မှုဖြစ်ပွါးခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ တရားမဲ့လွန်းရာကျတဲ့အတွက် လွှတ်တော်မှာတင်ပြသွားဖို့ရှိတယ်လို့ လားရှိုးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်စိုင်းဝမ်းလျန်းခမ်းကပြောပါတယ်။


"ကျနော်တို့ကြားသိရသလောက်ကတော့ အဲဒီဖိုးဝှီးကား ၂ စီးဟာ နမ္မတူဘက်ကလာတာဖြစ်တယ်။ နမ္မတူ-လားရှိုးနယ်ခြားမှာစခန်းချ လုံခြုံရေးဂိတ်က တားတာကို မရပ်ပေးလို့ အီနိုင်းအရောက် အီနိုင်းဘုန်းကြီး ကျောင်းဝင်းအတွင်းမှာ စခန်းချထားတဲ့ ရမခတိုင်း လုံခြုံရေး စစ်ကြောင်းက ကား ၂ စီးကို ပစ်ခတ် လိုက် တာဖြစ်ပါတယ်။ တားဆီးစစ်ဆေးမေးမြန်းတာမရှိဘဲအခုလို ရွာထဲမှာ ပစ်ခတ် တော့ ရွာသားတွေရဲ့ နေအိမ် တွေကို ကျည်ဆံထိမိတယ်။ သက်ကယ်မိုးအိမ် ထိမိရင် ရွာမီးလောင်မယ်။ ဒါကြောင့် အဲတာမျိုး တွေထပ်မံ မဖြစ်အောင် လွှတ်တော်မှာတင်ပြပေး ဖို့စီစဉ်ထား ပါတယ်။"- လို့ စိုင်းဝမ်းလျန်းခမ်း ကပြောပါတယ်။


ဖိုးဝှီးကား ၂ စီးအနက် တစီးမှာလွှတ်မြောက်သွားပြီး ၁ စီးကတော့ ထိခိုက်မှုများလို့ရွာအထွက်လမ်း မှာသွား ထိုးရပ်ထားကြောင်း၊ ကားဆရာကတော့ ထွက်ပြေးလွှတ်မြောက်သွားကြောင်း လားရှိုးရောက် ရွာသား စိုင်းလှက ပြောပါတယ်။


ပစ်ခတ်မှုမှာ ရွာသားတွေကိုထိခိုက်မှုမရှိပေမယ့် နေအိမ် ၃ လုံးကို ကျည်ဆံတွေထိမိပျက်စီးတာ တွေရှိခဲ့ကြောင်း၊ အသက် ၆၀ ကျော်အရွယ်ဈေးသည်အမျိုးသမီးတဦး ပစ်ခတ်သံကြောင့် လှန့်ပြီး သွေးတက်မေ့မြောတဲ့အထိဖြစ်ရကြောင်း စိုင်းဝမ်းလျန်းခမ်းကပြောပါတယ်။


အခုပစ်ခတ်မှုဖြစ်ပွါးတဲ့ အီနိုင်းရွာ ဘုန်းကြီးကျောင်းနားကနေရာမှာ ဒီတနှစ်အတွင်း ဒုတိယအကြိမ်ပစ် ခတ်မှုဖြစ်ပွါး တာဖြစ်ပြီး ပထမအကြိမ်ကတော့ နှစ်ဆန်းပိုင်းတုန်းက ဆိုင်ကယ်သမားလူငယ်တယောက်ကို တပ်မတော်စစ်ကြောင်းက ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။


နောက်နောင်မှာအခုလိုထပ်မံမဖြစ်ပွါးရလေအောင် လူထုလုံခြုံရေးအတွက် အီနိုင်းရွာထဲကို စစ်ကြောင်းဝင် မလှည့်ဖို့ ၊ လွှတ်တော်မှာ တင်ပြပေးဖို့ရှိကြောင်းလည်း စိုင်းဝမ်းလျန်းခမ်းကပြောပါတယ်။


Photo: ကျည်ဆံထိမိသောအိမ်နှင့်ကျည်ဆံထိမိပျက်စီးသောကား




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates