တောင်ကြီးမြို့၌ H1N1 လူနာထပ်တိုး သျှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးပြော



သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ H1N1 အမျိုးအစား တုပ်ကွေးကပ်ရောဂါ လူနာ ရ ဦး တွေ့ရှိကြောင်း သျှမ်းပြည်နယ် ဒု-ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး က သျှမ်းသံတော်ဆင့် ကို အတည်ပြုပြော သည်။


သြဂတ်စ်လ ၉ ရက်နေ့ထိ H1N1 လူနာ ၄ ဦးရှိပြီး သံသယရှိ လူနာ ၃ ဦးတွေ့ထားသည်ဟု သိရသည်။


“၉ ရက်နေ့ထိ H1N1 လက္ခဏာ ရှိတဲ့လူ ၄ ဦးတွေ့ထားတယ်လို့ ပြောထားတယ်နော်၊ နောက်ထပ် ရောဂါပိုးတွေ့ရှိထားသူ ၃ ယောက်က ၅ နှစ်အရွယ် အမွှာ ညီအစ်မ ၊ ၂ နှစ်အရွယ် ကလေးလေး နဲ့ အသက် ၂၀ အမျိုးသမီး ဖြစ်တယ်၊ ခု လောလောဆယ် ရောဂါပိုး တွေ့ထားတဲ့လူနာတွေ စုစုပေါင်း ရ ဦး ပေါ့” ဟု သျှမ်းပြည်နယ် ဒု-ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဇော်ဝင်းလှိုင် က သျှမ်းသံတော်ဆင့် သတင်းဌာနကို အတည်ပြုပြောသည်။


လက်ရှိ H1N1 ရောဂါလက္ခဏာ တွေ့ရှိထားသူ ရ ဦးသည် ရောဂါလက္ခဏာ သက်သာလာပြီး ဆေးရုံမှ ဆင်းသွားသည့် လူနာတစ်ချို့လည်း ရှိကြောင်း ၄င်းကပြောသည်။


“ရောဂါ အခြေနေကတော့ အမွှာညီအစ်မ နှစ်ယောက် မနေ့က ဆေးရုံဆင်းပြီ၊ ၃၇ နှစ်အမျိုးသားက ဒီနေ့ဆင်းမယ် ကျန်တဲ့ ကလေးလေးတွေလည်း သက်သာလာပြီ ခြုံပြောရရင်တော့ ပိုးတွေ့တဲ့လူတွေအားလုံး ရောဂါကနေ သက်သာနေပြီ” ဟု ဒေါက်တာစိုင်းဇော်ဝင်းလှိုင် ကပြောသည်။


သြဂတ်စ် ၁၁ ရက်နေ့ စာရင်းအရ H1N1 အမျိုးအစား တုပ်ကွေးကပ်ရောဂါလူနာ ရ ဦးရှိပြီး သံသယရှိလူနာ ၄ ဦး ကို အဖြေစောင့်ကြည့်နေကြောင်း ၄င်းကပြောသည်။


လက်ရှိ တနိုင်ငံလုံးသည် ရာသီတုပ်ကွေး H1N1 ပိုးတွေ့ရှိလူနာ ၁၈၃ ဦးရှိပြီး သေဆုံးသူ ၁၉ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates