မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု RCSS/SSA မှ အစိုးရတပ်သားတဦးအရှင်ဖမ်းမိ



သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း အစိုးရတပ်မတော် တောနင်းမှုကြောင့် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရတပ်မတော်သား တဦးအား အရှင်ဖမ်းမိ သည်ဟု သျှမ်းပြည်တပ်မတော်ပိုင် တိုင်းဖရီးဒမ်းဝဲပ်ဆိုဒ်တွင် ရေးသားဖေါ်ပြထားသည်။


သျှမ်းပြည်တောင်ပိုင်း လင်းခေး ခရိုင် မိုင်းပန် အခြေစိုက် စစ်ဆင်မှုကွပ်ကဲရေး ဌာနချုပ် စကခ အမှတ် ၁၇ လက်အောက်ခံ ခြေမြန်တပ်ရင်း အမှတ် ခမရ ၅၇၇ အင်အား ၄၀ ခန့်က မိုင်းကိုင်မြို့နယ် အတွင်း ဩဂတ်စ်လ ၁၃ ရက် နံနက် ၈ နာရီ မှ ၁၀ နာရီ ခွဲ အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အစိုးရတပ်မတော် သား တဦးက လက်နက်နှင့်အတူ အုပ်စုကွဲကာ သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိလာသောကြောင့် အဖမ်းခံလိုက်ရကြောင်း သျှမ်းပြည်တပ်မတော် နယ်မြေခံအရာရှိတဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


“တိုက်ပွဲဖြစ်တာက သူတို့လာမယ်ဆိုတာ ၁ အချက် အကြောင်းမကြားဘူး။ နှစ်အချက်က ကျနော်တို့ ဒီနယ်မြေမှာရှိနေတယ်ဆိုတာ မိုင်းကိုင်ရောက် တပ်မတော်သားတိုင်းက သိတယ်။ အပစ်မရပ် ခင်က တည်းက ဒီကိုလာရင် တိုက်ပွဲဖြစ်မယ် ဆိုတာ သိရက်နဲ့ သူတို့လာတာ။ ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေ မှာ အကြောင်းမကြားဘဲနဲ့ လာရင် ပစ်ခတ်ခံရမှာဘဲ။ ဒီတယောက်က အုပ်စုကွဲပြီးလာတာလား တပ်ကနေထွက်ပြေးလာတာလားတော့မသိဘူး။ သူတို့က အထက်အမိန့်နဲ့လာပုံရတယ်။ အထက်က ညှိပြီး ဒီဖမ်းခံထားရတပ်သားကိုလဲ ပြန်လည်လွဲအပ်ပေးမယ်” - ဟု အဆို ပါအမည်မဖေါ်လိုသည့် အရာရှိကပြောသည်။


တိုက်ပွဲဖြစ်ပွါးသည့်ကိစ္စနှင့်ပတ်သက်၍ RCSS/SSA ၏ပြောခွင့်ရပုဂ္ဂိုလ်အားဆက်သွယ်သော်လည်း ဆက်သွယ်၍မရပေ။


ငြိမ်းချမ်းရေး ဖေါ်ဆောင်နေသည့် ရန်ကုန်ရောက် ပုဂ္ဂိုလ်တဦးက RCSS/SSA က တနိုင်ငံလုံး အပစ်ရပ် စာချုပ်အား ချိုးဖေါက်နေသောကြောင့် တပ်မတော် မှ ရှင်းလင်းတိုက်ခိုက်သွားမည့် အကြောင်း ကက ကြည်း မှူး က ပြောကြားသည့်အကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။


သို့သော် RCSS/SSA ပိုင် တိုင်းဖရီးဒမ်း ဝဲဆိုဒ် ကလည်း - အစိုးရတပ်မတော်ဘက်မှ RCSS/SSA တပ်ဖွဲ့အား တောနင်းလိုက်လံတိုက်ခိုက်သည့်ကိစ္စသည် NCA စာချုပ်ပါ အချက်များအား ချိုးဖောက် သော ကြောင့် ကန့်ကွက်ကြောင်း၊ ထိုကန့်ကွက်အကြောင်းကြားစာအားလည်း သျှမ်းပြည်နယ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ဥက္ကဋ္ဌ ၊ ခိုလမ်အခြေစိုက် အရှေ့အလည်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး ရလခ ဗိုလ်ချုပ်သန်းလှိုင် (တိုင်းမှူး) ထံ အကြောင်းကြားစာ ပေးပို့ပြီးဖြစ်သည်ဟု ရေးသားဖေါ်ပြထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates