UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်စာတင်ကြောင်း SSPP/SSA အတည်ပြု



ညီညွှတ်တော်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ သျှမ်းပြည်တိုး တက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှုတ်ထွက်စာတင်ထားကြောင်း ပြောရေး ဆိုခွင့်ရှိသူ စိုင်းဘုန်းဟန်က အတည်ပြုပါသည်။


“ဒီကိစ္စနဲ့ ပတ်သက်ပြီး အထက်က လူကြီးတွေ ဆွေးနွေးနေပါတယ်။ နှုတ်ထွက်စာတော့ ဒီလ ၁၂ ရက်နေ့ ကတည်းက တင်ထားတာပါ” ဟု စိုင်းဘုန်းဟန် ကပြောသည်။


ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်သည့် အကြောင်း UWSA ၀ တပ်ဖွဲ့မှ ကမကထပြု ဦးဆောင်ကျင်းပနေသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီအစည်းအဝေးတွင် ဒုတိယ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ခွန်ဆိုင်မှ တင်ပြဆွေးနွေးသည့် အစည်းအဝေးရုပ်သံအားလည်း ၀ တပ်ဖွဲ့ ပိုင် ရုပ်မြင်သံကြားတွင် ယမန်နေ့က ထုတ်လွှင့်ခဲ့သည်။


ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်မည့် အကြောင်း ပြီးခဲ့သည့်ခြောက်လပတ်အစည်းအဝေးက ဆုံးဖြတ်ထားသည်ဟုလည်း ဌာနချုပ် ရုံး အရာရှိတဦးကလည်းသျှမ်းသံတော်ဆင့်သို့ပြောသည်။


သျှမ်းပြည်တပ်မတော် SSPP/SSA နှုတ်ထွက်မှုကြောင့် UNFC တွင် မွန်ပြည်သစ်ပါတီ NMSP  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP လားဟူဒီမိုကရက်တစ်ယူနီယံ LDU နှင့် ရခိုင်အမျိုးသား ကောင်စီ ANC တို့သာ ကျန်ရှိသည်။


UNFC သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရန် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် ဆွေးနွေးညှိနှိုင်းနေသည်။ သဘောတူညီချက် အချို့ရရှိပါက မကြာမှီလက်မှတ် ရေးထိုး တော့မည်ဟုလည်း သတင်းများထွက်ပေါ်နေပါသည်။ သျှမ်းပြည်တပ်မတော် SSPP/SSA သည် UNFC  မတိုင်ခင် ခေတ်အဆက်ဆက်  အဖွဲ့အစည်းများမှ ပါဝင်လာသည့် UNFC ၏ အဓိက အဖွဲ့ဝင် အဖွဲ့တဖွဲ့ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates