အစိုးရပြင်ဆင်နေဆဲလယ်ယာမြေဥပဒေတွင် တိုင်းရင်းသားလယ်ယာမြေအခွင့်အရေးအတွက် တောင်ကြီးမြို့တွင်အလုပ်ရုံဆွေးနွေးပွဲကျင်းပ



သျှမ်းပြည်နယ် ဒေသအသီးသီးရှိ တိုင်းရင်းသား တောင်သူလယ်သမားများမှ ၂၀၁၂ လယ်ယာမြေ ဥပဒေ ပြင်ဆင်ရေး နှင့် တိုင်းရင်းသားများ၏ မြေယာအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှု ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။


လက်ရှိ အစိုးရမှ၂၀၁၂ လယ်ယာမြေ ဥပဒေပြင်ဆင်ရေး နှင့် ဖြည့်စွက်ရေး ပြုလုပ်နေချိန် အခွင့်အရေးတစ်ရပ်အနေဖြင့် ၂၀၁၂ လယ်ယာမြေ ဥပဒေ၏ အားနည်းချက် အားသာချက်များကို ရှာဖွေဖော်ထုတ်ပြီး တိုင်းရင်းသား မြေယာ အခွင့်အရေး ပါဝင်လာအောင် ဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ (မြန်မာနိုင်ငံ) အထွေထွေတွင်းရေးမှူး ဦီးဝင်းရှိန်းမြတ် ကပြောသည်။


“ လက်ရှိ ဥပဒေ ပြင်ရတယ်ဆိုကတည်းက အကာအကွယ်မရလို့ ပြင်ရတယ်၊ အဲ့ဒီအပြင် ဒီဥပဒေထဲမှာ ၂၀၁၂ လယ်ယာမြေဥပဒေထဲမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးနိုင်မယ့် ဟာ တစ်ခုမှ မပါဘူး ဥပမာ ကျနော်တို့ သျှမ်းပြည်မှာဆိုလို့ရှိရင် တိုင်းရင်းသားပေါင်းစုံနေတယ်။ သူတို့ရဲ့ ဓလေ့ထုံး တမ်းစဉ်လာ မြေယာအသုံးချမှုကလည်း တစ်မျိုးနဲ့ တစ်မျိုးကွဲပြားခြားနားတယ်၊ ဒါတွေကို လွှမ်းခြုံပြီးပါဝင် နေတဲ့ ဥပဒေတစ်ရပ် သဘောတရားကတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ မြေယာအသုံးချမှု စနစ်ကို အသိမှတ်ပြုပေးဖို့ ၊ ဒီဟာတွေ မပါလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားတွေ  ဘယ်တော့မှ အကာအကွယ်ရမှာမဟုတ်ဘူး”  ဟု  ၄င်း ကပြောသည်။


သျှမ်းပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားများမှ  ဆွေးနွေးရလာသည့်  အချက်လက်များကို ပြည်သူ့လွှတ်တော် ရေးရာကော်မတီများဖြစ်သည့် တောင်သူလယ်သမား အလုပ်သမား ရေးရာကော်မတီ၊ စိုက်ပျိုးရေး ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရေးရာကော်မတီ  များနှင့် သွားရောက်တွေ့ဆုံပြီး  သဘောထားများကို ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။


“ခု ပြသနာက ပုံစံ ၁၀၅ နဲ့ ပတ်သက်ပြီး မြေလွတ်မြေရိုင်း ပေါ့၊ တောင်သူတွေ တောင်ယာလုပ်ရင် ပုံစံ ၁၀၅ မပါလို့ရှိရင် ဥပဒေနဲ့ မညီဘူး ထောင်ဒဏ် ၂ နှစ် နဲ့ ငွေ ၅ သိန်း ကုန်ကျမယ်တဲ့ ၊ အဲ့ဒီ မူတွေ ထွက်လာမယ်ဆိုလို့ရှိရင်  ဒါဟာ တောင်သူလယ်သမားတွေ အတွက် စိုးရိမ်မှုတစ်ခုပဲ ၊ ဒါကြောင့် ခု သျှမ်းပြည်တွင်းက တိုင်းရင်းသားတွေ စုပေါင်းပြီး ဆွေးနွေးလို့ ရလာတဲ့ အဖြေတွေကို ပြည်သူ့လွှတ်တော်ဆီ ပြန်တင်သွားဖို့ရှိတယ်” ဟု သျှမ်းလယ်ယာစိုက်ပျိုးရေးမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ  စိုင်းဆေဟန် ကပြောသည်။


သျှမ်းပြည်နယ် ဒေသအသီးသီးရှိ တိုင်းရင်းသား တောင်သူလယ်သမားများမှ၂၀၁၂ လယ်ယာမြေ ဥပဒေ ပြင်ဆင်ရေး နှင့် တိုင်းရင်းသားများ၏ မြေယာအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သျှမ်းပြည်တွင်းရှိ မြို့နယ်ပေါင်း  ၄၀ ကျော်တက်ရောက်ပြီး  တိုင်းရင်းသား တောင်သူလယ်သမား ၁၀၅ ကျော် တက်ရောက်ကြောင်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates