RCSS/SSA သတင်းမပေးလို့ အဖမ်းခံထားရတဲ့ ရွာသားတွေကို ဟိုပုံးမြို့တွင် ရုံးတင်စစ်ဆေးမည်



ဂျူလိုင်လလယ်ပိုင်းက အစိုးရတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျေးလက်ရွာသားများ ရွာသူကြီးများအား လာမယ့် စက်တင်ဘာ ၈ ရက် နေ့မှာ ရုံးတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။


စိုင်းစိန္တာ (၂၈) နှစ်၊ စိုင်းကို၊ စိုင်းဩဏ (၄၀) နှစ်တို့အား ပုဒ်မ ၃/၃ နှင့် ပုဒ်မ ၅/၄ တို့ဖြင့် အစိုးရ တပ်မတော်ဘက်မှ တရားစွဲဆိုထားတာဖြစ်ပါတယ်။


“ကျနော့်ကို RCSS/SSA သျှမ်းသူပုန်သတင်းလာမေးတယ်။ ကျနော်လဲ ပြောတယ်။ လွန်ခဲ့တဲ့ သုံးရက် လောက်ကတော့ ဒီရွာထဲ လာတယ်လို့ပြောတယ်။ အခုဘယ်မှာလဲ လို့ပြန်မေးတယ်။ မသိတော့ဘူး လို့  ပြန်ဖြေတော့ဆွဲထိုးတယ်၊  ဝိုင်းကန်တယ်။ ပြီးတော့ ကျနော် တို့တွေကို ဖမ်းခေါ် သွားတော့ တာဘဲ။ စိုင်းဩဏ တို့ စိုင်းစိန္တာ တို့ကိုလည်း ဒီအတိုင်းဘဲ ဖမ်းသွားတာနေမှာပေါ့” - လို့ အဖမ်းခံရ  ပြန်လွှတ်လာတဲ့ ရွာသား ၇ ဦးအနက် တဦးက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။


အဆိုပါ ပုဒ်မ ၃/၃ နှင့် ပုဒ်မ ၅/၄ က - စစ်ဖက်ဆိုင်ရာ အမိန့်ထုတ်ပြန်နိုင်ခွင့်ရှိသောပုဂ္ဂိုလ်က စစ်ဆင် ရေးနယ်မြေဖြင့် သတ်မှတ် ထားသောနယ်မြေအတွင်းသို့ အခွင့်အမိန့်မရှိဘဲ သွားလာခြင်း၊ နေထိုင်ခြင်း၊ ကျော်ဖြတ်ခြင်း ပြုလုပ်သည့်သူက  အဲဒီ ပုဒ်မ ထိမယ်။ ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်စလုံးသတ်မှတ်နိုင်တယ် - လို့ အမှုလိုက်ပေးနေတဲ့ ရှေ့နေ စဝ်မြ၀တီက ပြောပါတယ်။


“နေရာဒေသ အသီးသီးကနေ ရွာသားတွေကို တပ်မတော်က ဖမ်းထားတာ အများကြီးဘဲ။ ကျနော်တို့ စာရင်းထဲမှာ ကျန်နေတာက ၈ ယောက်၊ ဟိုပုံးမြို့မှာ ၃ ယောက်။ သူတို့တွေ အားလုံး ပြန်လွှတ်ပေးဖို့ ကျနော်တို့ အနေနဲ့လဲ JMC ကို တင်ပြထားတယ်” - လို့ တောင်ကြီးမြို့ သျှမ်းပြည်တပ်မတော် RCSS/SSA ရုံး အရာရှိ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ပြောပါတယ်။


ဂျူလိုင်လ ၁၇ ရက်နေ့ က ဟိုပုံးမြို့နယ် နောင်မွန်တိုက်နယ် နမ့်ခုတ် ရွာသားများဖြစ်ကြတဲ့ စိုင်းစိန္တာ၊ စိုင်းကို၊ စိုင်းဩဏတို့နဲ့အတူ နန်းပွင့်၊ စိုင်းဝိယ၊ စိုင်းကမ်၊  စိုင်းနန္တိ၊ စိုင်းပန္တ၊ စိုင်းခေါင် နဲ့ စိုင်းထွန်းငွေ တို့တွေကို အစိုးရတပ်မတော် ခြေလျင်တပ်ရင်း ခလရ အမှတ် ၂၂၅ နဲ့ ၂၄၉ တို့မှ ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။


သျှမ်းပြည်တပ်မတော် RCSS/SSA ဟာ အစိုးရ တပ်မတော် နဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထား တဲ့ သျှမ်းလက်နက်ကိုင်တပ် တခုဖြစ်ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates