နာနတ်သီးဈေးကျ - သီပေါတောင်သူဦးကြီးများအရှုံးပေါ်



သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင်ယခုနှစ်အတွင်း ရာသီသီးနှံ နာနတ်သီးဈေးကျသဖြင့် ခြံပိုင်ရှင်များ အရှုံးပေါ် ကြောင်းသိရသည်။


နာနတ်သီးအစိုက်များသော သီပေါမြို့နယ် နောင်ကော်အုပ်စု ပန်မျန်းကျေးရွာတွင်  ယခုနှစ် တရုတ်အဝယ်တော်များ လျော့နည်းသွားသည့်အပြင် နာနတ်သီးဈေးပါအဆမတန်ကျဆင်းသဖြင့် နာနတ်သီးမရောင်းနိုင်ဘဲ ပုပ်သိုးကာတောင်သူများ အရှုံးပေါ်ခြင်းဖြစ်ကြောင်း သိရသည်။


နှစ်ပေါင်း ၃၀ ကျော်ကြာစီးပွါးဖြစ်နာနတ်သီးစိုက်ပျိုးလာသည့် ပန်မျန်းရွာသား (ဦး)လုံးထွန်းက - “မနှစ်က အဝယ်တော်တွေက ခြံလုံးကျွတ်ပေးဝယ်တာတပိသာကို ၂၀၀ ကျပ်ပေးတယ်။ ဈေးအပေါဆုံးက ၁၅၀ ကျပ်ရတယ်။ ဒီနှစ်မှာတော့ တပိသာ ရ၀ ကျပ်ရတယ်။ ကျနော်တို့ခြံက ဒီနှစ် ပိသာပေါင်း သုံးသောင်းရတယ်။ ဒါပေမယ့် ၀ယ်တဲ့သူနည်းတယ်။ ဈေးပေါတယ်။ အဲ့ကြောင့်ကျနော်တို့နာနတ်သီးတွေ ပုပ်ကုန်တယ်။ အရှုံးပေါ်တယ်။ ” - ဟုပြောသည်။


ယခုနှစ်တွင်သီပေါသို့ရောက်လာသည့်နာနတ်သီးအဝယ်တော်များမှာ သီပေါမှ မန္တလေး သို့လည်းကောင်း၊  သီပေါမှ မူစယ် ထိုမှတရုတ်နိုင်ငံသို့ လည်းကောင်းပို့ဆောင်ကြောင်း၊ ယခုနှစ်နာနတ်သီးအရှုံးပေါ်သော်လည်း နောက်နှစ်များတွင်လည်းနာနတ်သီးခြံသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လုံးထွန်းကပြောသည်။


“အရင်းက ယာခြံ တဧက လောက်ကို ပျိုးပင်ဖိုး မြေသြဇာဖိုး ပါရင်ကျပ် ၄ သိန်းလောက်ကျတယ်။ အလုပ် သမားဖိုး ဘာဖိုးတောင်မပါသေးဘူး။ ဒါမယ့်ပထမဆုံးအကြိမ်စိုက်ပြီးရင် နာနတ်သီးက ၅-၆ နှစ်လောက်စားရတယ်လေ ”- ဟု ဆိုပါသည်။


သီပေါမြို့နယ် ပန်မျန်းရွာတွင်စိုက်ပျိုးသော နာနတ်သီးမှာအလယ်အလတ်စားအသီးမျိုးဖြစ်ပြီး ကုန်းဆာရွာဘက် တွင်စိုက်သောအသီးမှာ အကြီးစားအသီးမျိုးဖြစ်ကြောင်း အသီးအမျိုးအစားအလိုက် ဈေးနှုန်းကွာခြားကြောင်း၊ သို့သော်ယခုနှစ်မှာ အသီးအကြီးအသေးမရွေးဈေးနှုန်းကျကြောင်း၊ သို့သော်နာနတ်စိုက်ခင်းများကြားတွင် ငရုပ်သီး ၊ မြေပဲတို့ပါစိုက်ပျိုးသဖြင့်အနည်းငယ်ဖြေသာကြောင်း ခြံသမား စိုင်းရာမ ကလည်းပြောပြသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates