၈ ပြည်နယ်လား ၁၄ ပြည်နယ်လား
ပြီးခဲ့တဲ့သောကြာနေ့က သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကြေငြာချက် ထုတ်ပြန်ရာမှာ ၁၄ ပြည်နယ်နဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စု ကို ဆန့်ကျင်တယ်လို့ဆိုထားပါ တယ်။ ဒီကိစ္စဟာ လေးလေးနက်နက်စဉ်းစားဘို့ကိစ္စဖြစ်တယ်လို့ မြင်ပါတယ်။
ဘာလို့လဲဆိုတော့ ပင်လုံစာချုပ်ဆိုတာ ဗမာ၊ ကချင်၊ ချင်းနဲ့သျှမ်းတို့ကနေစတင်ပေါ်ပေါက် လာတာကိုး။ အဲဒီနောက်ပိုင်းမှာတော့ ရခိုင်၊ မွန်၊ ကရင်၊ ကရင်နီတွေ ပါလာတယ်။
ဒါပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနယ်ကို အုပ်ချုပ်သူဟာ ပြည်ထောင်စုကိုပါ အုပ်ချုပ်တဲ့ သူ ဖြစ်လာပါတော့တယ်။
ဒါကြောင့် ၁၉၆၁ ဂျန္နဝါရီလ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ တောင်ကြီးမှာကျင်းပတဲ့ညီလာခံကြီး ကနေ အချက် ၅ ချက်ကိုတောင်းဆိုခဲ့ပါတယ်။
၁- ဗမာပြည်နယ်ကို တည်ထောင်ဖို့
၂-လူမျိုးစုလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် လွှတ်တော် ၂ ရပ်လုံး အာဏာအညီအမျှ ရှိစေဖို့
၃-လူမျိုးစုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် အနည်းအများ ညီတူညီမျှပါရှိဖို့
၎-ကြွင်းကျန်တဲ့အာဏာအားလုံး ပြည်နယ်တွေလက်ထဲမှာရှိဖို့ (နိုင်ငံခြားဆက်ဆံရေး၊ ပြည်ထောင်စုကာကွယ်ရေး၊ ဘဏ္ဍာရေး၊ ငွေဒင်္ဂါး ငွေကြေးထုတ်လုပ်ရေး၊ စာတိုက်နှင့်ကြေးနန်း၊ မီးရထား ရေကြောင်းနှင့်လေကြောင်း ဆက်သွယ်ရေး၊ ပြည်ထောင်စုတရားစီရင်ရေး၊ ပင်လယ် ဆိပ်ကမ်းအကောက်ခွန် စသည်တို့မှလွဲ၍)
၅- ပြည်ထောင်စုဝင်ငွေကို အချိုးကျကျ မျှတစွာခွဲဝေပေးဖို့
ညီလာခံရဲ့ ဒုတိယနေ့မှာတော့ ပြည်ထောင်စု အစိုးရ်ကို လိုက်လျောပေးတာက -
၁- ပြည်ထောင်စုတည်တံ့ခိုင်မြဲဖို့
၂- ပြည်နယ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့
၃- ပြည်ထောင်စု တိုင်းရင်းသားတွေ အချင်းချင်း သွေးစည်းညီညွတ်မှုမြှင့်တင်ဖို့
၎- လူ့အခွင့်အရေးကာကွယ်ဖို့
၅- ပြည်နယ်တခုချင်းမှာရှိတဲ့ တိုင်းရင်းသား လူနည်းစုတွေ ဖွံ့ဖြိုးစေဖို့
၆- ပြည်နယ်အရေးတွေကို ဖြေရှင်းရာမှာ တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ဖို့ စသဖြင့် ပါရှိကြောင်း စိုင်းအောင်ထွန်း ရေးသားတဲ့ The History of Shan State စာအုပ်မှာ ဖော်ပြထားပါတယ်။
အဆိုပါ တောင်းဆိုချက်တွေကို အဲဒီအချိန်က ဗမာနိုင်ငံရေးသမားတချို့က လက်မခံချင်ပါဘူး။ နာမည်ကြီး နိုင်ငံရေးသမားတယောက်ကတောင် - ဒါ ကျနော်တို့ လူမျိုးကြီး ဗမာတွေကို တိုင်း ရင်းသား လူနည်းစု တွေက ၇ မဲ ၁ မဲနဲ့ အနိုင်ကျင့်ဖို့ ကြိုးပမ်းချက်ဘဲလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ အဲဒီအချက်ကြောင့်ဘဲ စစ်တပ်ကနေ အာဏာသိမ်းရတာဖြစ်တယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။
ဒါကြောင့် Federalism ဆိုတာ ခွဲထွက်ရေးဘဲလို့ ပြောလာတာဟာ အကြောင်းပြချက်တခုဘဲ ဖြစ်တယ် လို့ သုံးသပ်တဲ့ တိုင်းရင်းသားတွေ အများကြီးရှိပါတယ်။
နိုင်ငံရေးသိပ္ပံပညာရှင် တယောက်ဖြစ်တဲ့ Alfred Stepan က Multi Nationalism, Democracy and Asymmetrical Federalism (တိုင်းရင်းသားလူမျိုးပေါင်းစုံစနစ်၊ဒီမိုကရေ စီစနစ်နှင့် အချိုးမဲ့ ပြည်ထောင်စုစနစ်) အမည်ရတဲ့ စာအုပ်ကို ၂၀၀၂ မှာ ထုတ်ဝေခဲ့ပါတယ်။
ဒီစာအုပ်မှာ ၁၄ ပြည်နယ် ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် ဗမာနဲ့တိုင်းရင်းသားကြား အလျှော့အတင်းလုပ်ဖို့နဲ့ အမှန်တရားကို ကြည့်တတ်မြင်တတ်ဖို့ (မြန်မာနိုင်ငံထဲက လူဦးရေနဲ့ ဗမာအမျိုး သားလူဦးရေက သိပ်ကိုကွာခြားပါတယ်။ ၇၅ : ၂၅ ရှိတယ်လို့သူကရေးပေးမယ့် ယေဘုယျလက်ခံကြတာကတော့ ၆၀ : ၄၀ ပေါ့။)
အခုလို လူဦးရေ ကွာခြားနေသာမက မြန်မာစစ်တပ်က စစ်တပ်အင်အားဖြည့်ပြီး တိုင်းရင်းသား ၇ ပြည်နယ်ကို တိုက်ခိုက်နေတယ်။ နဲနဲလေးမှ အားမလျှော့သေးဘူး။ ဒီတော့ ၈ ပြည်နယ်ပြည် ထောင်စု ကိုဘဲ တိုင်းရင်းသားတွေက တောင်းနေမယ်ဆိုရင် ဗမာစစ်တပ်ကဆက်ပြီးစစ်အင် အား သုံး အာဏာ ကို ရှင်းရှင်း ဒါမှမဟုတ် နောက်ကွယ်ကနေ ဆက်ထိန်းချုပ်သွားမယ်။
အချိုးကျ ပြည်ထောင်စုစနစ်ကို ကျင့်သုံးနေတာ USA, Australia, Germany, Austria, Brazil နိုင်ငံ တွေမှာ ကျင့်သုံးနေသလို အချိုးမဲ့ပြည်ထောင်စုစနစ်ကို Spain, India, Belgium and Canada တွေမှာ ကျင့်သုံးနေပါတယ်။ သူတို့တွေမှာ ဘာပြဿနာမှ မရှိပါဘူး။
ကနေဒါနိုင်ငံဆိုရင် လူဦးရေများတဲ့ အင်္ဂလိပ်လူမျိုး ၉ ပြည်နယ် နဲ့ လူဦးရေနည်းနဲ့ ပြင်သစ်လူမျိုး ၁ ပြည်နယ်တို့ စုပေါင်းထားတဲ့ ၁၀ ပြည်နယ် ပြည်ထောင်စု ဖြစ်တယ်။ ပြဿနာမရှိဘူး။ အိန္ဒိယနိုင်ငံဆိုရင် ၂၈ ပြည်နယ်ရှိတယ်။ ဟင်ဒီက ၆ ပြည်နယ်တောင်ရှိတယ်။ ဒါပေမယ့် အဲဒီဟင်ဒီ တွေ ကို တပြည်နယ်ထဲဖြစ်အောင်လုပ်ဖို့ ဘယ် သူမှမပြောဘူး။ အဲတာ အချိုးမဲ့ပြည်ထောင်စုစနစ် Asymmetrical Federalism လို့ပြောတယ်။
ကွယ်လွန်သူ စဝ်ဇန့်ယောင်ဟွေ့ကလည်း ကျနော်တို့ခေါ်နေတဲ့ မြန်မာနိုင်ငံဆိုတာတိုင်းရင်းသား ပေါင်း စုံ ရှိပါတယ်။ စစ်ကိုင်းတိုင်းမှာ သျှမ်းတွေသန်းနဲ့ချီရှိသလို ဧရာဝတီတိုင်းမှာလဲ ကရင် လူဦးရေ သန်းနဲ့ချီရှိတယ်။ ရန်ကုန်မှာဆိုရင်လဲ တိုင်းရင်းသားပေါင်းစုံနေထိုင်တယ်။ သူတို့တွေ ကို တပြည်နယ် ထဲလုပ်ခိုင်းရင် ဗမာတွေ အားရှိသွားအောင်လုပ်ပေးသလို ဖြစ်သွားမှာဘဲ။ ၁၄ ပြည်နယ်လုပ်ခွင့်ပေးရင် သူတို့ထဲက တိုင်းရင်းသားတွေနဲ့ ပေါင်းချင်တဲ့ပြည်နယ်တွေတောင် ရှိကောင်းရှိလာလိမ့်မယ်လို့ ပြောဖူးပါတယ်။
ဒါကြောင့် ဗမာ ၇ ပြည်နယ်ရှိတာဟာ ဗမာအတွက်ရော ဗမာမဟုတ်တဲ့ တိုင်းရင်းသားအတွက် လည်း အကောင်းဆုံးဖြေရှင်းချက်ဖြစ်မယ်လို့ သူကဆိုပါတယ်။
ဗမာ ၅ ပါတီ အပါအဝင် မိတ်ဆွေ ၁၀ ပါတီက ၁၄ ပြည်နယ်ပါတဲ့ ပြည်ထောင်စုတည်ဆောက် ဖို့ ဒီလ ၉ ရက်နေ့က ဆုံးဖြတ်ချက်ချ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကလည်း ငြိမ်းချမ်းရေးကိုရည်မှန်းပြီး ၁၄ပြည်နယ် ကို လက်ခံဘို့ အဆင်သင့်ရှိကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ဒီကိစ္စဟာ ယတိပြတ် ဆုံးဖြတ်မထားပါ။ USA, Australia, Germany တို့နဲ့
India, Belgium and Canada တို့ကိုလေ့လာကြည့်ပြီးမှ အပြန်အလှန် အကျိုးအကြောင်း (Season) နဲ့ဆီလျော်အောင် ဆွေးနွေးပြီးမှ ဆုံးဖြတ်ဖို့ အဖက်ဖက် ပွင့်လင်းသော စိတ်ထား (Open Mind) ထားဘို့လိုတယ် လို့တိုက်တွန်းလိုက်ပါတယ်။
Tags: Editorial