၁၀ ပေခန့်သာရှည်တဲ့တံတားလေးကိုဆောက်ဖို့ မည်သူ့မှာတာဝန်ရှိပါသလဲ
သို့-သျှမ်းသံတော်ဆင့်မှတဆင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ် သိစေရန်
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်ကျေးသီးမြို့နယ် လုံပုရပ်ကွက် ထဲမှာရှိတဲ့တံတားဟာ သစ်သားနဲ့ ဆောက်လုပ်ထားတာကြောင့် ပျက်စီးနေတာ ၂ လ ခန့်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါတံတားဟာ မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှာရှိပြီး ၂၀၀၈ ခုနှစ်က ထော်လာဂျီပိုင်ရှင်အချို့ တဦးတသောင်း နှုန်းနဲ့စုပေါင်းဆောက်လုပ်ထားတာဖြစ်ပါတယ်။ တံတားပျက်စီးသဖြင့်တံတားပေါ်မှာ ဆိုင်ကယ် မကြာ ခဏချော်လဲမှု တပတ်တကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။
၀၀၁- ပျက်စီးနေသောတံတား
၀၀၂- လက်ကျိုးသွားသည့် နန်းကိန်ခမ်း
ပြီးခဲ့တဲ့အောက်တိုဘာလက စိုင်းနော်ရဲ့သမီး ကိုး တန်းကျောင်းသူလေးနန်းကိန်ခမ်းဟာ တံတားပေါ်ဆိုင်ကယ်မှောက်လဲလို့ ဘယ်လက်ကျိုးသွားပါတယ်။ ဆေးကုနေတာအခု ၁ သိန်းမကကုန်နေပြီ။ ပြည်မက မြို့ကြီးများ ကျပ်သိန်း ထောင်ချီကုန်တဲ့ ခုံးကျော် တံတားများ ခြောက်လမ်းသွားကတ္တရာလမ်းမ များတည်ဆောက်နေပေမယ့် ကျေးသီးမြို့ လုံပု ရပ်ကွက် က ၁၀ ပေခန့်သာရှည်တဲ့တံတားလေးကိုအဘယ်ကြောင့်ဆောက်မပေးနိုင်တာလဲ ။ တံတား ဆောက် ဖို့မည်သူ့မှာတာဝန်ရှိပါသလဲဆိုတာ သိချင်ပါတယ်။ ကျေးသီးမြို့ကို လားရှိုး -မိုင်းရယ်လမ်း ကနေသော် လည်းကောင်း၊ လွယ်လင်-ပင်လုံ-မိုင်းကိုင်ကနေသော်လည်းကောင်း သွားရပြီး လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲ မှုကြောင့် ဝန်ထမ်းများ လစာ ၂ ဆ ရရှိခံစားတဲ့မြို့ဖြစ်ပါတယ်။ ကျေးသီးမြို့မှာ လုံပု၊ ပေါက်ကတ်၊ ကုံးဟော် ၊ ဝမ်ကန်၊ ကန်ပန်၊ ဟိုခို ၆ ရပ်ကွက်ရှိပါတယ်။
ကျေးသီးမြို့ခံ
စိုင်းကမ်
Tags: Letter to Editor