ဘတ်နှစ်သန်းဖြင့် ထိုင်းအစိုးရ ဖမ်းဝရမ်းထုတ်ထားသည့် ဦးယီ့ဆေးအား TCL4 news မှတွေ့ဆုံမေးမြန်း
မှတ်ချက်။ ။ tcl4news ဆိုသူက ဦးယီဆေးအား ဆက်သွယ်မေးမြန်း၍ သျှမ်းသံတော်ဆင့်ထံ ရေးသားပို့ပေးသည့်အတိုင်းဖော်ပြထားခြင်းဖြစ်ပါသည်။ (အယ်ဒီတာ)
ပြည်ပသတင်းဌာနတွေနဲ့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြနေကြတဲ့ ဦးယီဆေး သတင်းနှင့်ပတ်သက်၍ ဖြစ်ရပ်မှန်ကို သိရှိလိုတဲ့ အတွက် 31.10.2012 ရက်နေ့က ဦးယီဆေး လက်ရှိနေထိုင်သည့် လွယ်တော်ခမ်း ကျေးရွာအုပ်စု ရေပူစမ်းသို့ စာရေးသူကိုယ်တိုင် သွားရောက်ခဲ့ပြီး တွေ့ဆုံမေးမြန်း သတင်းရယူခဲ့ပါ တယ်။
မေး။ ။ ဦးယီဆေးခင်ဗျ။ ပြည်ပသတင်းဌာနတွေနဲ့ ထိုင်းသတင်းဌာနတွေမှာ အဘအမည်တပ်ပြီး ဖော်ပြထားတဲ့ သတင်းအခြေအနေကိုတော့ အဘသိပြီးဖြစ်မှာပါ။ အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ အဘအနေနဲ့ ဘာများပြောကြားချင်ပါသလဲခင်ဗျာ။
ဖြေ။ ။ ကျနော် နေတဲ့ ရေပူစမ်းကျေးရွာ ပတ်ဝန်းကျင်ဒေသတွေမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက် ဆက်နွယ်နေတယ်လို့ မကြာခဏဆိုသလို ကြားနေရပါတယ်။ အဘအနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက် တဲ့ ကိစ္စရပ်တွေမှာ ယခင်ကလည်း နှစ်သက်မှုမရှိဘူး၊ ယခုလည်းမရှိဘူး အဘအနေနဲ့လည်း ဆက်စပ် မှုမရှိဘူး၊ ဒီသတင်းပါလာတယ်လို့ ကြားသိလိုက်ရတော့ အံ့အားသင့်မိပြီး များစွာ စိတ်မကောင်းဖြစ် မိတယ်။
သူတို့ရေးထားတာတွေကို အသေအချာဖတ်ကြည့်တော့လည်း "ဦးယီဆေးအဖွဲ့ဝင်၏ အဆက်များ"လို့ ဖော်ပြထားတော့ ဘာကိုဆိုလိုပြီး ဘာပြောမှန်းတောင် မသိတော့ဘူး၊ မရေမရာရေးထားတာတွေကို တွေ့ရတယ်။ ဘာဘဲဖြစ်ဖြစ်ပေါ့ ဒီလိုတိကျသေချာမှုမရှိတဲ့ မရေမရာရေးသားထားတဲ့ သတင်းတခု ကြောင့် အဘရဲ့ ဂုဏ်သိက္ခာကို ထိပါးညှိးနွမ်းစေတယ်လို့ ခံစားရတယ်။
မေး။ ။ အဘခင်ဗျာ ဒုတိယတစ်ချက်အနေနဲ့ သူတို့ပြောထားတဲ့ မူးယစ်ဆေးဝါးကူးသန်း ရောင်းဝယ်မှုနဲ့ ဆက်စပ်မှုရှိနေပါသလားလို့ မေးမြန်းလိုပါတယ်။
ဖြေ။ ။ ကျနော့်တစ်ကိုယ်ရေအရ ပြောရမယ်ဆိုရင်တော့ ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လုံးဝ မနှစ်မြို့ဘူး။ ဆက်စပ်မှုမရှိဘူးလို့ အတိအကျပြောချင်ပါတယ်။ မည်သူမဆို မည်သည့် အချိန်မဆို လာရောက်စစ်ဆေးနိုင်တယ်လို့ ပြောချင်တယ်။
ထိုင်းနိုင်ငံမှာလည်း မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု တားဆီးရေးဥပဒေတွေ ထုတ်ပြန်ထားသလို ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ထိုနည်းအတူ ဥပဒေတွေ ထုတ်ပြန်ပြီး အရေးယူဆောင်ရွက်နေ ပါတယ်။ မည်သူမည်ဝါရယ်လို့ ကာကွယ်ပေးထားတာ မရှိပါဘူး။ ကျနော်သာ ဒီဥပဒေကို ချိုးဖောက်ရင် ကျနော့်ကို အရေးယူမှာပေါ့။
တစ်ခုတော့စဉ်းစားကြည့်ပါ ရေပူစမ်းကနေ ထိုင်းနိုင်ငံရောက်ဖို့အတွက် မိုင်(၅၀)လောက်ဝေးပြီး အဆင့်ဆင့်သော စစ်ဆေးရေးဂိတ်တွေ၊ တပ်စခန်းတွေလည်းရှိပါတယ်။ မူးယစ်ဆေးဝါးသယ်ဆောင်သွားပြီ ဆိုရင် တစ်ဂိတ်မဟုတ် တစ်ဂိတ်မှာတော့ အသေအချာမိမှာဘဲ။ သူတို့ပြောတဲ့ မူးယစ်ဆေးဝါး ကိစ္စကြီးက ဖြစ်နိုင် မဖြစ်နိုင် သေချာစဉ်းစားကြည့်ပေါ့။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဘယ်နေရာမှာဘဲ ဖမ်းဆီးရမိမိ ကျွန်တော့်နာမည်ကိုသာ တပ်ပြီး စွပ်စွဲနေကြတာကို ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မြင်တွေ့ကြားသိနေရပါတယ်။
မေး။ ။ တတိယအချက်အနေနဲ့ မေးမြန်းလိုပါတယ် အဘ၊ အဘအနေနဲ့ လက်ရှိ ဘာစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါသလဲ။
ဖြေ။ ။ ယခုလက်ရှိ သစ်လွင်မိုးမှာ ရှယ်ယာထည့်ဝင်ထားပါတယ်။ မိုင်းကိုးဘက်မှာရှိတဲ့ သစ်လွင်မိုး မဂ္ဂနီ(စ်)သတ္တုတူးဖော်ရေးလုပ်ငန်းမှာလည်း ရှယ်ယာထည့်ဝင် လုပ်ကိုင်နေပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး လုပ်ငန်းဖြစ်တဲ့ ရာဘာ ဧက(၃၀၀)ကိုလည်း စိုက်ပျိုးထားပါတယ်။ မွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်လို့ ကြက်၊ နွား နဲ့ ကျွဲများကိုလည်း မွေးမြူလုပ်ကိုင်နေပါတယ်။ ကျနော်နေထိုင်တဲ့ ဒေသအတွင်းမှာလည်း စာသင်ကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းတွေကို ဆောက်လုပ်ပေးနေတာကိုလည်း ဒေသအတွင်းမှာ ရှိတဲ့ ရွာသူရွာသားတွေအပါအဝင် တာချီလိတ်မှာရှိတဲ့ ဌာနဆိုင်ရာတွေ အသိပါဘဲ။
ကြုံတုန်းပြောရရင် မကြာခင်မှာဘဲ ဒီလို သို့လော သို့လော ဖြစ်နေတဲ့ ကိစ္စကြီးကို ရှင်းရှင်းလင်း လင်း သိစေဖို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ အဲ့ဒီအခါကြရင်လည်း သိချင် တာတွေကို ပွင့်ပွင့်လင်းလင်းဘဲ ဖြေကြားပေးပါ့မယ်လို့ ပြောကြားလိုပါတယ်။
မေး ။ ။အခုလို ဖြေကြားပေးတဲ့အတွက် အဘဦးယီဆေးကို ကျေးဇူးအများကြီးတင်ပါတယ်။
ဦးယီဆေး။ ။ ကျနော့အမည်နဲ့ အခုလို မရေမရာသတင်းတွေကတော့ သတင်းဌာန တစ်ချို့ကနေ ထွက်နေမှာဘဲ ပြည်သူတွေကလည်း မညံ့တော့ပါဘူး။ အရာရာကို ချင့်ချိန်စဉ်းစားနေတတ်ကြပါပြီ။ အခုလို ဝေးလံတဲ့ဒေသအထိ လာရောက်တွေ့ဆုံမေးမြန်းတဲ့အတွက် ကျနော့်ရဲ့ ခံစားချက်တွေကို ဖွင့်ဟပြောကြားခွင့်ရခဲ့လို့ အများကြီးကျေးဇူးတင်ပါတယ်။
မှတ်ချက်။ ။ tcl4news ဆိုသူက ဦးယီဆေးအား ဆက်သွယ်မေးမြန်း၍ သျှမ်းသံတော်ဆင့်ထံ ရေးသားပို့ပေးသည့်အတိုင်းဖော်ပြထားခြင်းဖြစ်ပါသည်။ (အယ်ဒီတာ)
Tags: Interview