တိုင်းပြည်အမြန်ဆုံးငြိမ်းချမ်းဖို့ စစ်ဘေးရှောင်များနှင့်အတူ ဒေသခံများ ဆုတောင်းပွဲပြုလုပ်
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့မှာ မိုင်းနောင်ကနေရောက်ရှိလာတဲ့ စစ်ဘေးရှောင် တွေနဲ့ အတူ မြို့ခံတွေက စစ်ဘေးဒဏ် အမြန်ဆုံးလွတ်ငြိမ်းပြီး နေရပ်အမြန်ဆုံးပြန်နိုင်ဖို့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဆုတောင်းပွဲတရပ် စုပေါင်းပြုလုပ်ကြပါ တယ် ။
“ နိုဝင်ဘာလ ၁၉ ရက်ညနေပိုင်းက လဲချားမြို့မှာ စစ်ဘေးရှောင်တွေအပါအဝင် လဲချားဒေသ ခံတွေ ၊ ကူညီစောင့်ရှောက်ရေး ကော်မတီတွေနဲ့ လူငယ်တွေ စုပေါင်း အင်အား ၅၀၀ ကျော်က ကျောင်းပန်ဘုန်းကြီး ကျောင်းကနေ မြို့ဦးမှာရှိတဲ့ မဟာမြတ်မုနိဘုရား ကျောင်းတော်ဆီကိုလမ်း လျှောက်ပါတယ် ။ တန်ဆောင်မုန်းလဆန်း ၈ ရက် ဥပုတ်နေ့ လည်းဖြစ်တာကြောင့် အခုလို စုပေါင်းပြီး မဟာမြတ်မုနိဘုရားမှာ ဆုတောင်းကြတာဖြစ်ပါတယ် ”- လို့လဲချားမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ် တော်အမတ် စိုင်းကျော်ဇေယျကပြောပါတယ် ။
လဲချားမြို့မှာ စစ်ဘေးရှောင် ၆၉၃ ဦးရှိပြီး ကျောင်းပန် ၊ ကျောင်းခမ်း ၊ ကျောင်းကုန်းနင် ဘုန်းကြီးကျောင်းတွေမှာ သုံးနေရာခွဲပြီးခိုလှုံနေကြတာ ဖြစ်ပါတယ် ။
“ ဆုတောင်းပွဲလုပ်ရခြင်းရည်ရွယ်ချက်ကတော့ ဒေသခံလူထုတွေဟာ တိုက်ပွဲကြောင့် နေအိမ် နေရပ်ကိုစွန့်ခွါရတယ် ။ တိုက်ပွဲတွေရပ်မှ အိမ်ပြန်နိုင်မယ်လေ ။ အဲ့ကြောင့်ပါ ။ နောက်တခုက ကောက်ရိတ်ချိန်ဖြစ်တဲ့အတွက် အခုကောက်မရိတ်လိုက်ရရင် နောက်နှစ်အတွက် စိတ်ပူရပါတယ် ” - လို့ စိုင်းကျော်ဇေယျ က သျှမ်းသံတော်ဆင့် ကိုပြောပါ တယ် ။
စစ်ဘေးရှောင်တွေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က မိုင်းနောင်ကို အစိုးရစစ်တပ်က စစ်လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက်ပိုင်း အများအပြား ရောက်ရှိ ခိုလုံလာကြတာဖြစ်ပါတယ် ။
“ ဒီနေ့ မိုင်းနောင်ဘက်က ပစ်ခတ်သံတွေငြိမ်နေတယ်ကြားလို့ နောက်တရက် နှစ်ရက် အခြေအနေ ပိုကောင်းလာရင်တော့ ပြန်ကြမယ်လို့ ပြောကြတယ် ။ ဒါပေမယ့် တိုက်ပွဲက ထပ်ဖြစ်မယ် ဆိုရင်တော့ ထပ်ပြီးရှောင်ရဦးမှာဘဲ ။ လူသားခြင်းစာနာတဲ့အနေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကို တတ်နိုင်သလောက် ကူညီပေးကြပါလို့ ။ အထူးသဖြင့် နိုင်ငံတကာတွေမှာရောက်နေတဲ့ သျှမ်းပြည် သားတွေကို တောင်းဆိုချင်ပါတယ် ” - စိုင်းကျော်ဇေယျ ကပြောပါတယ် ။
အောက်တိုဘာလ ၆ ရက်နေ့က သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းတပ်မတော် ကို အစိုးရတပ်မ တော်က အင်အားသုံးတိုက်ခိုက်တာကြောင့် ဒေသခံလူထု ၁၀၀၀၀ ကျော်ဟာ နေရပ်ကနေ စွန့်ခွါပြီး ဒေသအသီးသီးကို စစ်ဘေးရှောင်နေကြရပါတယ် ။ သျှမ်းပြည်တပ်မတော် SSPP/SSA ဟာ နေပြည်တော် အစိုးရ နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားတဲ့ သျှမ်းလက် နက်ကိုင်တပ်ဖွဲ့တခု ဖြစ်ပါတယ် ။
Tags: General, News