မိုင်းရှူးမြို့နယ်ရှိ SSPP/SSA တပ်စခန်းများအားလုံး ချွင်းချက်မရှိ ဆုတ်ခွါပေးရန် ဝန်ကြီးဦးခင်မောင်စိုးပြော
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့ နှင့် မိုင်းနောင်မြို့ ကြား တိုက်ပွဲဖြစ်ပွါးရာဒေသရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းများအားလုံး ဆုတ်ခွါပေးရန် ရန်ကုန်မြို့တွေ့ဆုံမှုအပြီး နောက်တရက် နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက သျှမ်းပြည်တပ်မတော်၏ တာဝန်ခံ အရာရှိထံ အစိုးရဘက်က ဖုန်းဆက် အကြောင်းကြားလာသည် ဟုသိရသည် ။
ပြီးခဲ့သည့်နှစ်များက လျှပ်စစ်ဝန်ကြီးဦးခင်မောင်စိုးအဖွဲ့နှင့် သျှမ်းပြည်တိုးတက်ရေးပါတီတို့ တွေ့ဆုံကြစဉ် |
“ မနေ့က တွေ့တာအဆင်ပြေပြီ ။ တိုက်ပွဲဖြစ်နေတဲ့ အကြောင်း ပြေလည်အောင် ဖြေရှင်းဖို့ ။ ရှေ့အပတ် မှာ ထပ်တွေ့ဖို့တောင် ကျနော်တို့တောင် လူရွေးပြီးပြီ ။ ရလခ တိုင်းရုံးနဲ့လဲ သဘောတူ ပြီးပြီ။ လူထုလဲ တအားဝမ်းသာတယ် ။ အိမ်ပြန်ရတော့မယ်ဆိုပြီးတော့ ။ ဒါပေမယ့် ဒီနေ့ တော့ တမျိုး ထပ်ပြောလာ တယ် ။ သူလဲ မတတ်နိုင်တော့ဘူးတဲ့ ဦးခင်မောင်စိုးက ” - ဟု စဝ်နော်လိတ်က ပြောသည် ။
ရလခ စစ်တိုင်းရုံး ဂျီဝမ်း ကလည်း နိုဝင်ဘာ ၁၈ ရက်နေ့က သျှမ်းပြည်တပ်မတော် တာဝန်ရှိထံ ယာယီ အပစ်ရပ်ထားဖို့ ပြောကြောင်း ၊ ရောက်သည့်နေရာတွင်ပင်နေပြီး ပစ်ခတ်တိုက်ခိုက်ခြင်းမပြုကြရန်ပြော ကြောင်း ၊ ၎င်းတို့အနေဖြင့်လည်း တိုက်ခိုက်မှု မပြုလိုတော့ကြောင်း ပြောကြားသည်ဟု ဌာနချုပ် အရာရှိကြီး တဦးကပြောသည် ။
“ အခုလုပ်လာတာ နေပြည်တော် အမိန့်ဘဲလို့ ထင်တယ် ။ မနေ့ကလဲ တောင်ကြီးကနေ စစ်ကား အစီး ၃၀ ကျော်တယ် ဒီဘက်ကိုလာနေတာ ။ နောက်ပြီး မန္တလေးကနေလည်း သံချပ်ကာကားတွေ ၊ တင့်ကားတွေ လားရှိုးကို ညတွင်းချင်း ပို့ဆောင်လာနေတယ် ။ အဲဒါက တန့်ယန်းဘက်ကို ဦးတည်မယ်လို့ ကြားတယ် ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
အောက်တိုဘာ ၁၉ ရက်မှ စ၍ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားမှုမကြား ရသော ကြောင့် စစ်ဘေးရှောင်များ ရွာပြန်စပါးရိတ်ရန်ပင် ပြင်ဆင်နေပြီဖြစ်ကြောင်း ၊ စစ်ယာဉ်တန်းကြီးများ သွားလာမှုလှုပ်ရှားမှု သတင်းကြောင့် မပြန်ရဲဖြစ်နေကြောင်း စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသည့် စိုင်းဟန် က ပြောသည် ။
အောက်တိုဘာ ၆ ရက်နေ့မှ နိုဝင်ဘာ ၁၈ ရက်နေ့အထိ သျှမ်းပြည်တပ်တော် SSPP/SSA အား မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် တသောင်းကျော် နေရပ်မှ စွန့်ခွါနေရသည် ။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးစာချုပ်အား ၂၀၁၂ ခု နှစ်ဦးပိုင်းက သျှမ်းပြည်မြို့တော် တောင်ကြီး၌ လက်မှတ်ရေးထိုး ထား သည့် သျှမ်းလက်နက်ကိုင်တပ် ဖြစ်သည် ။
Tags: News, War