သျှမ်းပြည်တောင်ပိုင်း နမ့်စန်တွင် တပ်မတော် မဲ မသမာမှု ရှိဟုဆိုကာ ပါတီလေးပါတီ စုပေါင်းကန့်ကွက်



သျှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် တပ်မတော်သားမဲများနှင့် ပတ်သက် ၍ ၀င်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ  ၄ ခုမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်စာတင်ထားကြောင်း နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူထံမှ သိရသည် ။



နမ့်စန်မြို့နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီ USDO  ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ကျားခေါင်းပါတီ SNLD ၊ ကျားဖြူ ပါတီ SNDP ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စသည့် နိုင်ငံရေးပါတီကြီး ၅ ခုက ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ပြည်ခိုင် ဖြိုးမှအပ ကျန်ရှိသည့် နိုင်ငံရေး ပါတီတွေများမှ စုပေါင်းပြီး ကန့်ကွက်နေခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးနေဇော်နိုင်မှ ပြောသည် ။


စစ်တပ်က ကြိုတင်မဲစာရင်းက ပိုနေတာရယ် နမ့်စန်မြို့နယ်ထဲမှာ မပါတဲ့ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်က စစ်တပ်က နမ့်စန်မှာ မဲလာပေးသွားတဲ့ကိစ္စရယ် တပ်ကြိုတင်မဲထဲမှာ အရာရှိလို့ ယူဆရတဲ့ လူတယောက်ကနေ မဲစာရွက်တွေအားလုံးမှာ လက်မှတ်ထိုးသွားတာတွေ အဲဒီကိစ္စတွေအားလုံးကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီကို တင်ထားတယ် - ဟု ဦးနေဇော်နိုင်က ပြောသည် ။ 


ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများမှအပ ကျန် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ရရှိလာသော မဲရလဒ်များအတွက်  ပုံစံ (၁၉)တွင် အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့ခြင်း မရှိဟုလည်း သိရသည် ။


နမ့်စန်မြို့နယ်အတွင်း မဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲများတွင် ပြည်နယ်လွှတ်တော် တနေရာသာ ကျားခေါင်းပါတီ SNLD က အနိုင်ရရှိခဲ့ပြီး ကျန်မဲဆန္ဒနယ် အားလုံးတွင် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရရှိခဲ့သည် ။


နမ့်စန်မြို့နယ်အတွင်း မဲမသာမှုများ မရှိခဲ့ပါက NLD နှင့် ကျားခေါင်းပါတီ SNLD တို့မှ လုံးဝ အနိုင်ရနိုင်ကြောင်း   ဦးနေဇော်နိုင်က သုံးသပ်ပြောဆိုသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates